နေပြည်တော် ၇ သြဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန CERP လုပ်ငန်းစီမံကိန်းများ၏ ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ရုံးအမှတ် (၁၅) ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ သူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်" (CERP) အရ လယ်ယာသားငါး ကုန်ထုတ်လုပ်မှု မထိခိုက်စေရေးနှင့် ကျေးလက်နေပြည်သူများအား ထောက်ပံ့အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေး လုပ်ငန်းများအပြင် လက်ရှိကြုံတွေ့နေရသည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် လယ်ယာကုန်ထုတ်လုပ်မှု လျော့ကျခြင်း မဖြစ်ပေါ်စေရန်နှင့် တောင်သူလယ်သမားများ အပါအဝင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ခံရမှု သက်သာစေရန် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်နည်းတူ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များတွင်လည်း ကောင်းမွန် ပြည့်စုံစွာ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့်ချိတ်ဆက်၍ စားနပ်ရိက္ခာဖူလုံရေး၊ သိုလှောင်ရေးနှင့် ပြည်ပသို့ တင်ပို့ရေး အစီအမံများပါဝင်သည့် Master Plan ရေးဆွဲရေးတို့ကို ဌာနအားလုံး ပူးပေါင်းပါဝင်ကြရန် ကိစ္စရပ်များကို ပြောကြားသည်။
ကိုဗစ်-၁၉ ကြောင့်ဖြစ်ပွားသည့် စီးပွားရေးအကျပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် ကာလတို စီမံချက်ဖြစ်သည့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်"(CERP)တွင် စိုက်ပျိုးမွေးမြူထုတ်လုပ်မှု မလျော့ကျစေရေးလုပ်ငန်းများအဖြစ် (CERP-၂.၁.၇(ခ))အရ စပါးမျိုးစေ့ထုတ်လုပ်ငန်း ဧက(တစ်သိန်း)အတွက် ငွေကျပ်(၁၄၉၁၁ ဒသမ ၃၃) သန်းဖြင့်လည်းကောင်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ကျေးရွာ (၁၇၀၀) အတွက် ငွေကျပ်သန်း(၄၂,၀၀၀) ဖြင့်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သော မျိုးငါးနှင့် ငါးသားပေါက်များ ဖြန့်ဖြူးခြင်းကို ငါးမွေးကန် ဧက (၁၅၀,၀၀၀) အတွက် ငွေကျပ်သန်း (၆,၀၀၀) ဖြင့်လည်းကောင်း၊ လယ်ယာသုံးစက်ကိရိယာဖြန့်ဖြူးခြင်း လုပ်ငန်းအတွက် ငွေကျပ် (၁၂၅၆ ဒဿမ ၈၅) သန်းဖြင့်လည်းကောင်း၊ ဝင်ငွေရရှိစေမည့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ Cash For Work(CFW) စီမံကိန်းကို ကျေးရွာ (၂၄၈၈)ရွာ အတွက် ငွေကျပ်သန်း (၂၅,၀၀၀)ဖြင့် လည်းကောင်း၊ မြို့နယ်(၁၀၀)၌ ငွေကျပ် သန်း (၁,၄၄၀) အသုံးပြု၍ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်း လုပ်ငန်းများကို လည်းကောင်း၊ ငွေကျပ် (၆၀ ဒသမ ၇၇) သန်း အသုံးပြု၍ ရေလုပ်သားများ ပင်လယ်ပြင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်လုံခြုံရေး သင်တန်းများကိုလည်းကောင်း၊ လက်တံမြောင်း၊ လက်ခွဲမြောင်း၊ ရေနုတ်မြောင်းများ၊ ရေငန်တားတာများ ပြုပြင်ခြင်းအတွက် ငွေကျပ် (၁၁၃၈ ဒသမ ၈၁) သန်းဖြင့်လည်းကောင်း၊ လယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ အတွက် ငွေကျပ် (၂၀၄) သန်းဖြင့်လည်းကောင်း၊ ငွေကျပ် (၆၀၀ ဒသမ ၂၁) သန်းအသုံးပြု၍ သင်တန်းသား (၉၀၀၀)အတွက် အလုပ်အကိုင်ဆိုင်ရာ သင်တန်းများ Cash For Job Training သင်တန်း အကြိမ်ရေ (၃၀၀) ကိုလည်းကောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ခဲ့ရာ၌ လုပ်သားခများကို အဓိကထား၍ ဝင်ငွေ ရရှိရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ စျေးကွက်အသီးသီးသို့ ကုန်စည် စီးဆင်းမှုများ သွက်လက်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ဒေသအုပ်ချုပ်မှုအဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီး ဌာနများနှင့်အတူ ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ပြည်ပတင်ပို့မှုနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ တွင် လယ်ယာသားငါးထွက်ကုန်များ၏ အရည်အသွေးစစ်ဆေးခြင်း၊ ထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်းများကို အချိန်နှင့်တပြေးညီဖြစ်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


