စက်တင်ဘာ ၈
ယနေ့သည် နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိသည့် နိုင်ငံတကာစာတတ်မြောက် ရေးနေ့ဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ကြီးက စတင်သတ်မှတ်ခဲ့သည့် နိုင်ငံတကာ စာတတ်မြောက်ရေး လှုပ်ရှားမှုသည် ကမ္ဘာပေါ်တွင် စာမတတ်မှုများကင်းဝေးပြီး စာတတ်ခြင်းဖြင့် အသိအမြင် ဗဟုသုတများကို ရှာဖွေဆည်းပူးကာ လူ့ဘောင်လောကအတွင်း ကောင်းကျိုးများကို ဖြစ်ထွန်း လာစေလိုရင်းဖြစ်သည်။ ။
မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေး လှုပ်ရှားမှုများကို ခေတ်အဆက်ဆက် နှစ်စဉ်ပြုလုပ်လာခဲ့ရာ အောင်မြင်တိုးတက်မှုများ ဖြစ်ထွန်းခဲ့သည်။ ၁၉၇၁ ခုနှစ်မှ မျက်မှောက်ကာလအထိ စာတတ်မြောက်ရေး အောင်မြင်မှုများရရှိခဲ့ပြီး စာတတ်မြောက်ရေး မျှော်မှန်းချက်များကို ထိရောက်အောင် အကောင်အထည်ဖော်နိုင်ခဲ့သည်။ စာတတ်မြောက်ရေးလုပ်ငန်းသည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍတွင် ဖွံ့ဖြိုးမှုအညွှန်းကိန်းများ တိုးတက်လာအောင် ဆောင်ကြဉ်းပေးသော အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သည်။
ရှေးကာလက စာမတတ်သူ များစွာရှိခဲ့သဖြင့် အသိအမြင်ဗဟုသုတ နည်းပါးပြီး အများနှင့်တန်းတူ၊ အများနှင့်ရင်ပေါင်တန်းရေးတွင် အလှမ်းဝေးခဲ့သည်။ တိုင်းပြည် ခေတ်နောက်ကျခဲ့ရခြင်း၊ လူနေမှုဘဝ ခေတ်နှင့်လျော်ညီစွာ မြင့်မားလာခြင်းတို့တွင် စာမတတ်သူ၊ စာမဖတ်သူ များနေရခြင်းသည် အကြောင်းတစ်ချက်ဖြစ်သည်။ ထို့ကြောင့် စာတတ်မြောက်ရေးကို နှစ်စဉ် အလေးပေး၍ စာမတတ်သူ ပပျောက်အောင် ကြိုးပမ်းအားထုတ်လာခဲ့ရာ တစ်နှစ်ထက်တစ်နှစ် စာတတ်မြောက်မှုအညွှန်းကိန်းများ မြင့်မားလာခဲ့သည်။
သို့သော် စာမတတ်သူ လုံးဝပပျောက်သွားသည့် အနေအထားသို့ မရောက်သေးပေ။ ၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သော လူဦးရေသန်းခေါင် စာရင်းနှင့် နောက်ဆက်တွဲပါ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့်အထက် ကျောင်းပညာမသင်ကြားရသဖြင့် စာမတတ်သူ ၃ ဒသမ ၅ သန်း ရှိနေသေးခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်အဖြစ် ဖြေရှင်းပေးရဦးမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် စာတတ်မြောက်ရုံဖြင့် မပြီးသေး၊ စာဖတ်ကြအောင်၊ ဖတ်သည့်စာဖြင့် တွေးခေါ်မြော်မြင်တတ်အောင် ပညာရေးမှ ဟန်ချက်ညီအောင် အကောင်အထည်ဖော်နေသည်။ မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်သော အကျိုးကျေးဇူးများကြောင့် မြို့နယ်လုံးကျွတ်စာတတ်မြောက်ရေး အောင်ပွဲများ ဆင်နွှဲနိုင်ခဲ့သည်။ စာတတ်မြောက်ရေးအောင်ပွဲ ကျင်းပပြီးသည့် နယ်မြေများ၌ တတ်မြောက်ပြီးသား စာဖတ်နိုင်မှုအဆင့်ကို ထိန်းထားနိုင်ရန် စာဖတ်ရှိန်နှင့် စာဖတ်စွမ်းရည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာစေရန်၊ စာဖတ်ဝါသနာ တိုးပွားလာစေရန်နှင့် အသိပညာများ ဖွံ့ဖြိုးပြီး အတွေးအခေါ်များ တိုးတက်ပြောင်းလဲလာစေရန် စသည်တို့ကိုရည်မှန်းလျက် စာဖတ်ဝိုင်း၊ စာကြည့်ခန်း၊ စာပေဆွေးနွေးပွဲများကို စနစ်တကျ ဆက်လက်အကောင်အထည်ဖော်နေသည်။
၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်သည် “ကိုဗစ်-၁၉ ကာလနှင့်အလွန်မှာ ဆန်းသစ်ထိရောက်သော သင်ကြားသင်ယူမှု နည်းလမ်းများ အသုံးချလို့ စာတတ်မြောက်ရေး ဆောင်ရွက်စို့” ဖြစ်သည်။ ကိုဗစ်-၁၉ ကာလနှင့်အလွန်ကာလတွင် ဆန်းသစ်တီထွင်ထားသော နည်းလမ်းများဖြင့် သင်ကြားသင်ယူမှု နည်းလမ်းများကို ဖန်တီးနေကြသည်။ စာတတ်ရေးသာမက စာဖတ်ရေး၊ တွေးခေါ်မြော်မြင်တတ်ရေးသည် ကိုဗစ်၁၉ ကာလတွင် ထိရောက်သောသင်ခန်းစာများကို ပေးထားပြီးဖြစ်သည်။ စာမတတ်သူများ စာတတ်ရေးကို ဆက်လက်ဆောင်ရွက်ရင်း စာတတ်သူများ စာဖတ်ကြအောင် အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ မှန်ကန်သောအသိအမြင် ဗဟုသုတများ မျှဝေပေးနိုင်အောင်ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။
စာတတ်မြောက်ရေး လှုပ်ရှားမှုတွင် အရေး၊ အဖတ်၊ အတွက်နှင့် နားလည်နိုင်စွမ်း မြင့်မားတိုးတက်လာအောင် ဖော်ဆောင်ပေးကြသည်။ စာတတ်သူများ စာဖတ်စွမ်းရည် မြင့်မားရေးလှုပ်ရှားမှုဖြင့် နားလည်နိုင်စွမ်း၊ ဆင်ခြင်တွေးခေါ် မြော်မြင်နိုင်စွမ်း မြင့်မားတိုးတက်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြရဦးမည်ဖြစ်သည်။ စာပေသည် အသိဉာဏ်အလင်းရောင် မီးရှူးတန်ဆောင် ဖြစ်သည်ကို စာတတ်သောပြည်သူများ အလေးအနက်ထားအောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။ အမှား၊ အမှန်ခွဲခြား၊ ဘေးဘယာဝေးကွာစေသည့် ဆင်ခြင်တုံတရားများ၊ ကျန်းမာရေး အသိများ ရှိလာစေမည့် စာဖတ်ခြင်း၊ ဗဟုသုတရှာမှီးခြင်းတို့ကို အစဉ်အမြဲလေ့လာ ဆည်းပူးနေကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကာလ၊ ကိုဗစ်-၁၉ အလွန်ကာလတွင် စာမတတ်သည်ဖြစ်စေ၊ စာတတ်သည်ဖြစ်စေ ဆန်းသစ်တီထွင်ထားသော နည်းလမ်းများဖြင့် ဖန်တီးပေးထားသော သင်ကြားသင်ယူမှု နည်းလမ်းများကို ရှာဖွေလေ့လာဆည်းပူးပြီး ကျန်းမာရေးအသိကို မြှင့်တင်ကာ မိမိတို့၏ လူမှုဘ၀၊ မိမိနိုင်ငံ၏ ဖွံ့ဖြိုးမှုကဏ္ဍ မြင့်မားလာအောင်ကြိုးပမ်းကြပါရန် တိုက်တွန်း အပ်ပါသည်။ ။
ကြေးမုံ