ခရမ်းကြွပ်သီး အတို့အမြှုပ်လေး အနေနဲ့စားစား၊ သင်္ဘောသီးထောင်းလိုမျိုး ချဉ်ချဉ်စပ်စပ် အထောင်းလေးထဲပဲ ထည့်ထည့်စားလိုက်ရင် တခွပ်ခွပ်နဲ့ အရသာရှိတဲ့ ခရမ်းကြွပ်သီးလေးက အရောင်အသွေးတင် လှတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါတယ်။

 

အိန္ဒိယနိုင်ငံ အပါအဝင် သမပိုင်းဒေသမှာ ပေါက်ရောက်မှုများတဲ့ ခရမ်းကြွပ်သီးလေးတွေက အစိမ်းရောင်၊ အဖြူရောင်နဲ့ ခရမ်းရောင်ဆိုပြီး အရောင် အမျိုးမျိုး ရှိပါတယ်။ ထိုင်းအစားအစာတွေထဲမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့ ခရမ်းကြွပ်သီးလေးက အာဟာရများစွာလည်း ပါဝင်နေပါသတဲ့နော်။

 

ခရမ်းကြွပ်သီးကပေးတဲ့ အာဟာရ

 

အတို့အမြှုပ်အဖြစ် အစားများတဲ့ ခရမ်းကြွပ်သီးမှာ

 

•    ကယ်လ်လိုရီ

 

•    အဆီဓာတ်

 

•    ကာဗိုဟိုက်ဒရိတ်

 

•    ကယ်လ်ဆီယမ်

 

•    Phosphorus

 

•    သံဓာတ်

 

•    ပရိုတင်း

 

•    နီကာဆင်

 

•    ဗီတာမင် A

 

•    ဗီတာမင် C တို့ ပါဝင်နေပါတယ်။

 

ခရမ်းကြွပ်သီးကပေးတဲ့ ကျန်းမာရေး

 

အာဟာရကြွယ်ဝတဲ့ ခရမ်းကြွပ်သီးက ကိုယ်အလေးချိန် ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းချုပ်ပေးသလို အခြားသော ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးသေးလဲဆိုတကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါနော်။

 

အရေပြား ကျန်းမာစေတယ်

 

ခရမ်းကြွပ်သီးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် C ပါဝင်တာကြောင့် အရေပြားကို ကျန်းမာစေပါတယ်။ အသားအရေကို ချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးတာကြောင့် အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

အမျိုးသမီးတွေအနေနဲ့ ခရမ်းကြွပ်သီး စားပေးတာက ဝက်ခြံ သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

 

သွေးတိုး သက်သာစေတယ်

 

ခရမ်းကြွပ်သီးရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာပါ။ ပိုတက်ဆီယမ် ပါဝင်တာကြောင့် သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။

 

သွေးမတိုးအောင် ကာကွယ်တာက လေဖြတ်တာ၊ ရုတ်ရက် နှလုံးရပ်တာနဲ့ သွေးတိုးမှုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ရာရောက်ပါတယ်။

 

ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

 

ခရမ်းကြွပ်သီးမှာ အင်ဆူလင်နဲ့ တူညီတဲ့ ကျန်းမာရေး အာနိသင်တွေ ပါဝင်နေတာကြောင့် ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဆီးချိုက ကြောက်မက်ဖွယ်နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို သယ်ဆောင်လာတတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက ဆီးချိုကို ကာကွယ်တာပါ။


ခရမ်းကြွပ်သီးလေးက ဆီးချိုမဖြစ်အောင် ကာကွယ်ပေးတယ်ဆိုတော့ စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။

 

အစာခြေစနစ် ကျန်းမာစေတယ်

 

အမျှင်ဓာတ် ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးပါသေးတယ်။

 

အသည်း ကျန်းမာစေတယ်

 

ခရမ်းကြွပ်သီး စားပေးတာက ခန္ဓာကိုယ်အတွက် မရှိမဖြစ်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ အသည်းကျန်းမာစေဖို့ အားဖြည့်ပေးပါသေးတယ်။ အသည်းရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။

 

ဝိတ်ကျစေတယ်

 

ခရမ်းကြွပ်သီးက ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

 

သွေးတွင်းကိုလက်စထရော ကျစေတယ်

 

ခရမ်းကြွပ်သီး အဆီအနှစ်က သည်းခြေရည် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး သွေးတွင်းက မကောင်းတဲ့ အဆီတွေကို အထိရောက်ဆုံး ဖျော်ချပေးနိုင်ပါတယ်။ ခရမ်းကြွပ်သီးကို စားပေးတာက သွေးထဲက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရော ပမာဏကို မြင့်တက်စေနိုင်ပါတယ်။

 

ကိုယ်ခံအား ကောင်းစေတယ်

 

ဗီတာမင် C ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေသလို ကိုယ်ခံအား ကောင်းစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အခြားသော အပင်ကနေရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်း ကိုယ်ခံအား ကောင်းစေပြီး ရောဂါတွေ တိုက်ထုတ်နိုင်ဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

 

နှလုံး ကျန်းမာစေတယ်

 

ခရမ်းကြွပ်သီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတွင်း ကိုလက်စထရောကို ကျစေတယ် ဆိုမှတော့ နှလုံးကျန်းမာစေမယ်ဆိုတာ ပြောနေစရာ မလိုအောင်ပါ။ အမျှင်ဓာတ် ပါဝင်နမှုက နှလုံးကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနေပါတယ်။

 

စိတ်ဖိစီးမှု ပြေလျော့စေတယ်

 

ခရမ်းကြွပ်သီးရဲ့ နောက်ထပ် အာနိသင် တစ်ခုက စိတ်ဖိစီးမှုကို ပြေလျော့စေတာပါ။ စိတ်ဖိစီးမှု ကင်းချင်တယ်ဆိုရင် ခရမ်းကြွပ်သီး စားပေးလို့ ရပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn ၊ ရေးသားသူ Aye Thi Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”