ကျောက်ပန်းတောင်း ၈ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူးနှင့် ဝန်ထမ်းများသည်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်သည့် အမိန့်အမှတ် (၃၀/၂၀၂၀)အား ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီမှ ည ၈ နာရီအထိ မြို့တွင်းလမ်းများတွင် လှည့်လည်ကြေညာခဲ့ကြသည်။
အဆိုပါ အမိန့်အမှတ်(၃၀/၂၀၂၀)တွင် မန္တလေးတိုင်းဒေသကြီးသို့ လာရောက်သူများနှင့် မန္တလေးတိုင်း ဒေသကြီးမှ တိုင်းဒေသကြီးပြင်ပသို့ သွားရောက်ခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူများ သိရှိလိုက်နာရန် အသိပေး ကြေညာချက်များပါဝင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန်အမှတ် (၉၇/၂၀၂၀)နှင့် အမိန့်အမှတ် (၁၀ဝ/၂၀၂၀)ဖြင့် (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည့် ရခိုင်ပြည်နယ်မှ မြို့နယ်အားလုံးနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း (၇)မြို့နယ်တို့မှ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်သူများ နှင့် မန္တလေးတိုင်းဒေသကြီးမှ နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း၊
သတ်မှတ်ထားသည့် မြို့နယ်များသို့ သွားရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည် ဝင်ရောက်လာသူများကို သတ်မှတ်စည်းကမ်းချက်များနှင့် စိစစ်ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ခွင့် ပြုရန်များပါဝင်ပြီး ကြေညာချက်များကို အများပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မည်သည့်မြို့သို့ သွားရောက်ခဲ့ကြောင်းတင်ပြရန် ငြင်းဆန်သူများနှင့် နေရပ်လိမ်လည်ဖော်ပြခြင်း၊ သွားရောက်ခဲ့သည့်နေရာများအား မမှန်မကန်ဖြေကြားခြင်း၊ စစ်ဆေးမှုကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ ပါဝင်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


