ကြို့ပင်ကောက် ၈  စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ထိန်းချုပ်ရေးအဖွဲ့နှင့် စားသောက်ဆိုင်ပိုင်ရှင်များ တွေ့ဆုံ၍ စာသောက်ဆိုင်များတွင် ဆောင်ရွက်ထားရမည့် ကျန်းမာရေး ဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က အဖွင့်အမှာစကား ပြောကြားပြီး ကူးစက်ရောဂါ နှိမ်နှင်းရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာမေဇော်က ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားရာ ကာလအတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များတွင် Physical Distancing နှင့်အညီ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာအဝေးဖြင့် နေထိုင်သွားကြရန်၊ ဆိုင်အဝင်အထွက်အပေါက်များတွင် လက်ဆေးဘေစင်များ၊ Alcohol 60 % ပါရှိသော လက်သန့်စင်ဆေးရည်များထားရှိသွားရန်၊ လာရောက် စားသောက်သူများအား နှာခေါင်းစည်းများတပ်ဆင်စေခြင်းနှင့် အပူချိန်တိုင်းခြင်းအစီအစဉ်များနှင့် ဆောင်ရွက်ထားရမည့် ကျန်းမာရေးဆိုင်ရာစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

 

ထို့နောက် စားသောက်ဆိုင်ပိုင်ရှင်များမှ သိလိုသည့် ဆွေးနွေးမေးမြန်းချက်များကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင်က ဖြည့်စွက်ဆွေးနွေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

 

ဆွေးနွေးပွဲသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ထိန်းချုပ်ရေးအဖွဲ့နှင့် မြို့ပေါ်(၁၀)ရပ်ကွက်မှ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ကြို့ပင်ကောက်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင် ၄၃ ဆိုင်မှပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)