လိုင်လင်းပီ  ၈ စက်တင်ဘာ

 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းကြေညာရာ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် Door To Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တီးဆီးကျေးရွာ အုပ်စု၌ယမန်နေ့က မဲစာရင်းစိစစ်ရေးလုပ်ငန်း အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

ကွင်းဆင်းဆောင်ရွက်ရာတွင်  တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်လျှောက်ထားမှုများ စသည့် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးရာ၌ တီးဆီးကျေးရွာ အုပ်စုတွင် ပုံစံ(၃)ဖြင့် တောင်းဆို သူ(၁၂)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၇၁)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားသူ(၅၅)ဦးနှင့်  တီးဆီးကျေးရွာအုပ်စုတွင်း၌  တောင်လာကျေးရွာ အပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၄၄၂) ဦးရှိကြောင်းနှင့် မဲရုံ(၂)ရုံ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မဲစာရင်းစိစစ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၊ ဌာနဆိုင်ရာ တာဝန်ရှိသူမှဦးဆောင်၍ တီးဆီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင် ဥက္ကဋ္ဌ၊ တီးဆီးကျေးရွာအလယ်တန်းကျောင်းအုပ်၊ ကျေးရွာအုပ်စုစာရေးနှင့် ကျေးရွာကော်မတီအဖွဲ့ ဝင်များပါဝင်သည့် မဲစာရင်းစိစစ်ရေးလုပ်ငန်း အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

သားပု(ပြန်/ဆက်)