ဓနုဖြူ ၈ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ စီးပွားရေး ပြန်လည်ကုစားမှု အစီအစဉ်အရ ငါးသားပေါက်များ ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက ကျုံတနော်အရှေ့ကျေးရွာအုပ်စုရှိ ငါးမွေးတောင်သူများထံသို့ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းနှင့် တာဝန်ရှိသူများက ကျုံတနော်အရှေ့ကျေးရွားအုပ်စုရှိ ငါးမွေးတောင်သူ (၁၂) ဦး၏ ငါးမွေးမြူရေးကန် (၁၂၂၆.၇၁)ဧက အတွက် ငါးသားပေါက်ကောင်ရေ (၂၄၅၃၄၂၀) ကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။
မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဓနုဖြူမြို့နယ်အတွင်း ကျေးရွာများရှိ ငါးမွေးတောင်သူ (၁၆၆) ဦး၊ ငါးမွေးမြူရေးကန် (၂၄၀၉.၇၆)ဧက အတွက် ဆက်လက်၍ အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)


