မက်မန်း ၈ စက်တင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ကြားချက်နှင့်အညီ လိုက်နာရမည့် စည်းကမ်းချက်များ ကို ယမန်နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာတွင်းသို့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့သည်။
အဆိုပါ နှိုးဆော်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မတီ၊ ဌာနဆိုင်ရာ များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးသို့ ပြည်နယ်များမှ ဝင်ရောက်လာသူများသည် သက်ဆိုင်ရာဒေသ၏ ထောက်ခံချက်များ ယူဆောင်လာရမည် ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသူများနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုများပြားသည့် မြို့နယ်များမှ လာရောက်သူအားလုံး ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများသို့ ဝင်ရောက်၍ (၁၄) ရက်နေထိုင်ပြီး ဓာတ်ခွဲနမူနာ (၂) ကြိမ် ရယူစစ်ဆေးမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက Home Quarantine (၇) ရက် နေထိုင်ရမည်ဖြစ်ကြောင်း၊ ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ အတည်ပြုပြီး မှသာ ဆက်လက်ထွက်ခွာရမည်ဖြစ်ကြောင်းနှင့် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်းတပ်ဆင်ရန်၊ ဈေးရောင်း/ ဈေးဝယ် ပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ကြားချက်နှင့် အညီ တိကျစွာလိုက်နာဆောင်ရွက်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ မလိုအပ်ဘဲ တတ်နိုင်သမျှ အပြင် သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Coronavirus Disease 2019(COVID-19) ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အပြင်သို့ ထွက်ခွာခြင်းမပြုရန် နှင့် မိမိမြို့နယ်၊ ဒေသအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများ တွေ့ရှိပါက သက်ဆိုင်ရာနှင့် ကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပို့အကြောင်းကြားရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
စိုးနိုင်(ပြန်/ဆက်)


