မိတ္ထီလာ  ၈  စက်တင်ဘာ 

 

မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက်   မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရှိ စျေးများတွင် ရောင်းချလျက်ရှိသော စျေးသည်များ  စျေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဖွဲ့ပိုင်စျေးများဖြစ်သည့် စည်ပင်သာယာစျေးကြီး၊ ဗဟိုစျေး၊ ပိတောက်မြိုင်စျေး၊ မြို့သစ်စျေး၊ ပေါက်ချောင်းစျေး၊ ရန်မျိုးအောင်စျေး၊ ပြည်သာယာစျေး၊ ပုလဲစျေး၊ ဝန်ဇင်းစျေး၊ ပုလဲကန်စျေးတို့တွင် ရောင်းချလျက်ရှိသည့် စျေးသည်များနှင့် စျေးဝယ်များ စနစ်တကျ နှာခေါင်းစည်းများ တပ်ဆင်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ၎င်းစျေးများတွင် နေ့စဉ် လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စျေးအရာရှိ ဦးအောင်ကျော်ထံမှ သိရသည်။

 

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပွားလျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကာကွယ်ရေးနှင့် ကူးစက်မှုအခြေအနေများ ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် မိမိတို့နေအိမ်များတွင် Stay Home နေထိုင်ကြပါရန် ပြင်ပသို့ မဖြစ်အနေထွက်ခွာရပါက နှာခေါင်းစည်းများတပ်ဆင်ကြရန် အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)