၈ စက်တင်ဘာ
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း မျိုးနွယ်စုခရိုင် မိုမမ်ရှိ စကျင်ကျောက်တွင်း တစ်တွင်း၌ ယမန်နေ့က ကျောက်တုံးများ ပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် လူ ၁၁ ဦး ထက်မနည်း သေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိကာ ကိုးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသန္တရမီဒီယာက ယနေ့ဖော်ပြထားသည်။
ထိုကျောက်တွင်း ပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၂၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်းနှင့် ယခုချိန်အထိ ယင်းပြိုကျသည့် အပျက်အစီးများအောက်မှ ဒဏ်ရာရသူ ငါးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးသမားများ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသန္တရမီဒီယာက ဖော်ပြထားသည်။
ကယ်ဆယ်ရေးသမားများသည် ညပိုင်းတွင် ၎င်းတို့၏ ကယ်ဆယ်ရေး အလုပ်ကို ရပ်နားထားပြီး ယနေ့မနက်ပိုင်းတွင် ကယ်ဆယ်ရေးအလုပ် စတင်လုပ်ဆောင်ခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသူ ကိုးဦးကို ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။
သေဆုံးသူ အများစုမှာ ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ကီဘာ ပါ့ခ်ထဟွာ ပြည်နယ်ရှိ မို့မမ်ခရိုင်ရှိ စကျင်ကျောက်တွင်းတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
အဆိုပါ အစွန်အဖျားကျသော ဒေသတွင် တယ်လီဖုန်းနှင့် မိုဘိုင်းဝန်ဆောင်မှုများ မရှိခြင်းကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွင် နှောင့်နှေးခဲ့ရသည်။
ထိုကျောက်တွင်းပြိုကျမှုဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးသမားများ ထပ်မံရောက်ရှိလာပြီး ရှာဖွေရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများ၊ စက်ယန္တရားကြီးများနှင့် လူနာတင်ကားများ ရောက်ရှိပြီး ဖြစ်သည်။
ယင်းအဖြစ်အပျက်သည် ကျောက်တုံးပေါက်ကွဲမှု ဖြစ်ပွားနေစဉ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပြီး ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ပြည်နယ်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်ကို ကိုးကားပြီး ဒေသန္တရမီဒီယာက ဖော်ပြထားသည်။
၂၀၂၀ ဖေဖော်ဝါရီလ အစောပိုင်းက ထိုပြည်နယ် ဘူနာခရိုင်ရှိ စကျင်ကျောက်တွင်း တစ်တွင်းတွင် အလုပ်သမားကိုးဦးထက်မနည်း သေဆုံးပြီး အခြားခုနစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရမီဒီယာက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို