ဟားခါး ၈ စက်တင်ဘာ
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော အချက်များနှင့်အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် မော်တော်ယာဉ်ဂိတ်မှူးနှင့် ယာဉ်လိုင်းပိုင်ရှင်များအား အသိပညာပေးခြင်း လုပ်ငန်းများကို စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီခွဲက ဟားခါးမြို့၊ အဝေးပြေးကားဂိတ်တွင် ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဌနှင့် ပူးပေါင်းအဖွဲ့ဝင်များက အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဉက္ကဌ ဦးမြင့်ဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များက Stay at Home ကြေညာထားသောမြို့နယ်များမှ ခရီးသည်များကို လက်မှတ်ရောင်းချခြင်းမပြုရန်၊ ဟားခါးမြို့နယ် နေထိုင်သူများမှ ခရီးသွားထောက်ခံစာပါရှိရန်၊ မော်တော်ယာဉ်လိုင်းများတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များက ခရီးစဉ်ပြီးဆုံးမှသာလျှင် ခရီးသည်များအား ဆင်းခွင့်ပြုရန်နှင့် လမ်းခရီး တစ်ဝက်တွင် ဆင်းခွင့်ပေးခြင်းများမပြုရန်၊ ယာဉ်ပေါ်ပါ ခရီးသည်၏ခရီးသည်စာရင်း ၊ ခရီးသွားရာဇဝင် အထောက်အထားများ ပါရှိရမည်ဖြစ်ပြီး မော်တော်ယာဉ် လိုင်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားစေလိုကြောင်း၊ ဟားခါးမြို့နယ် အတွင်းဝင်ရောက်လာသည့် ခရီးသွားပြည်သူများအနေဖြင့် အထောက်အထားခိုင်လုံမှု မရှိပါက Facility Quarantine ၂၁ ရက် သီးသန့်ထားရှိစောင့်ကြည့်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဟားခါးမြို့နယ်အတွင်း COVID-19 ကာကွယ်နိုင်ရေးအတွက် ပြည်သူအများက ဝိုင်းဝန်းကူညီသွားရန် လိုအပ်ကြောင်း မော်တော်ယာဉ်ဂိတ်မှူးနှင့် ဂိတ်ပိုင်ရှင်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်ဆက်


