ပွင့်ဖြူ    ၈   စက်တင်ဘာ    


   
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲ ဉက္ကဋ္ဌ ဒေါက်တာထွန်းထွန်း ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၈ ရက် ၊ နံနက် ၇ နာရီခွဲက ပွင့်ဖြူ - မင်းဘူး - စလင်းသွားကားလမ်း မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးအနီး စုရပ်ပြုလုပ်၍ မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့တွင်းဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

 

မြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ကာ ဌာနဆိုင်ရာများ ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ ပူးပေါင်းပြီး နေ့စဉ် နေရာ(၂)နေရာခွဲ၍ ပြည်သူများ နှာခေါင်းစည်းမတပ်ဘဲ သွားလာခြင်းများကို ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ ဦးထွန်းသိန်းအောင်ထံမှ သိရသည်။ 

 

ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဉက္ကဋ္ဌ ဒေါက်တာထွန်းထွန်း ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပွင့်ဖြူ - မင်းဘူး - စလင်း သွား  ကားလမ်း မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးအနီးတွင် စုရပ်ပြုလုပ်၍ မြို့တွင်းဖြတ်သန်းသွားလာသော ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များနှင့် မော်တော်ယာဉ်များကို ရပ်တန့်စေကာ ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်မှု များကို အသိပညာပေးဆွေးနွေးဟောပြောကာ နှာခေါင်းစည်းမပါသောသူများကို နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 

ဒီနေ့လုပ်တဲ့ အသိပညာပေးလုပ်ငန်းကတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ လမ်းညွှန်မှုနဲ့ မြို့နယ်အတွင်း ဒေသခံ ပြည်သူတွေ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး သိရှိလိုက်နာနိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းနဲ့ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်တာဖြစ်ပါတယ်။ စုစုပေါင်း နှာခေါင်းအခုရေ ၃၅၀ လောက် ဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာရုံးများကိုလည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းတွေ ဆက်လက် ထောက်ပံ့လှူဒါန်းပေးသွားအုံးမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းက ပြောသည်။  

 

ရဲဝင်းနိုင် (ပြန်/ဆက်)