မန္တလေး ၈ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ယခုနှစ်တွင် မိုးစပါး စိုက်ဧက (၅၈၀၂၄၉) စိုက်ပျိုးရန် လျာထားပြီး လက်ရှိ တွင် ၄၁၃၂၈၇ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးမှာ မိုးစပါးစိုက်ဧက ငါးသိန်းရှစ်သောင်းကျော်နဲ့ နွေစပါးစိုက်ဧကတစ်သိန်း နှစ်သောင်းကျော် စုစုပေါင်း စပါးစိုက်ဧက ခုနှစ်သိန်းကျော်ရှိပါတယ်။ ခုလက်ရှိမှာ စပါးစိုက်ဧက လေးသိန်း တစ်သောင်းကျော် စိုက်ပျိုးပြီးသွားပါပြီ။ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ဆောင်ရွက်နေပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဧရာမင်း၊ ပေါ်ဆန်းယဉ်၊ မနောသုခ၊ ဆင်းသုခ၊ ရက်တစ်ရာ အစရှိသော စပါးမျိုးများကို အများဆုံးစိုက်ပျိုးပြီး ရွှေသွယ်ရင်၊ စူပါနှံကောက်၊ ရွှေရင်အေး အစရှိသည့် စပါးမျိုးများကိုလည်း အနည်းငယ်စိုက်ပျိုးကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသမှာတော့ မိုးစပါးဆိုရင် ဧရာမင်း(ခ)အရှေ့တောမဂျမ်းတောမျိုးပဲ စိုက်ပျိုးတာများပါ တယ်။ ဒီမျိုးက ဒီဒေသမှာ နာမည်လည်းတော်တော်ရနေပြီ။ တခြားစပါးမျိုးတွေလည်း စိုက်ပျိုးတာတော့ ရှိပါတယ်။ ဒီဒေသက ဆည်တော်ကြီး/ဆည်တော်လေး ဆည်ရေသောက်စနစ်နဲ့ စိုက်တာဆိုတော့ စပါးစိုက်ဧက အားလုံးနီးပါးစိုက်ပျိုးပြီးနေပါပြီ” ဟု ပုသိမ်ကြီးမြို့နယ်၊ ရွာရှည်ကျေးရွာမှ စပါးစိုက်တောင်သူ တစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ မိုးစပါးစိုက်ဧက ငါးသိန်းရှစ်သောင်းကျော်ရှိပြီး လက်ရှိတွင် စပါးစိုက်ဧက လေးသိန်းတစ်သောင်းကျော်စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ကာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများကိုလည်း ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


