တောင်ကြီး  ၈   စက်တင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အထက(၅) Quarantine Center တွင် Quarantine ဝင်ခဲ့သော မြဝတီပြန် တောင်ကြီးမြို့နေသူ  အသက်(၂၃)နှစ်  အမျိုးသားတစ်ဦးသည် ဖျားနာကိုက်ခဲသည့်အတွက် စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် စက်တင်ဘာ ၈ ရက်  နံနက် ၇ နာရီ  ၃၅ မိနစ်ခန့်က သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သေဆုံးသူ အမျိုးသားသည် သြဂုတ်  ၂၅ ရက်က  ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ  ဖုန်းကုမ္ပဏီတစ်ခုတွင် သွားရောက်အလုပ်လုပ်ခဲ့ပြီး တုပ်ကွေးရောဂါဖြစ်ကာ စက်တင်ဘာ ၃ ရက်က မြဝတီမြို့မှ  မန္တလေး၊ မန္တလေးမှ တောင်ကြီးမြို့သို့  ဒူးရင်းသီးများ တင်ဆောင်လာသော ကုန်တင်ကားကြီးဖြင့် ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ဆုံးသွားတဲ့သူက မင်္ဂလာဦးရပ်ကွက်က ဖြစ်ပါတယ်။  စက်တင်ဘာ  ၅ ရက်က နေမကောင်းတဲ့အတွက် စဝ်စံထွန်းဆေးရုံမှာ  သွားရောက်ပြသတယ်။  ပြီးတော့ အထက(၅) Quarantine Center မှာ Quarantine ဝင်ခဲ့ပါတယ်။ မနေ့က စက်တင်ဘာ ၇ ရက်မှာ သွေးပေါင်ကျတယ်။  ရင်ကျပ်တဲ့ လက္ခဏာလည်းရှိတဲ့အတွက် Quarantine Center ကနေ စဝ်စံထွန်းဆေးရုံကို ပြောင်းရွှေ့ဆေးကုသပြီး ဒီမနက်မှာပဲ ဆုံးသွားခဲ့ပါတယ်” ဟု တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဖြိုးမင်းထိုက်က ပြောသည်။

 

မြဝတီမြို့မှ ပြန်လာပြီး တောင်ကြီးအထက(၅)မှာ Quarantine ထားရှိစောင့်ကြည့်ခဲ့သော အမျိုးသားတစ်ဦးသည် စက်တင်ဘာ  ၇  ရက်က မောခြင်း၊ သွေးတွင်းအောက်ဆီဂျင် ကျဆင်းတို့ကြောင့်  စဝ်စံထွန်းဆေးရုံသို့ လိုအပ်သည့် စစ်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ သမားတော်ဆရာဝန်များ စစ်ဆေးတွေ့ရှိချက်အရ လူနာသည် အဆုတ် ယောင်ခြင်း၊ မွေးရာပါနှလုံးရောဂါအခံရှိခြင်း၊ အဆုတ်ပိုးဝင်ခြင်းနှင့် အသည်းယောင်ခြင်းရောဂါများ ရှိကြောင်း ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ သေဆုံးသူ၏ ဓာတ်ခွဲနမူနာကို ဒီကနေ့ မနက်မှာ ရန်ကုန်(NHL)သို့ ပေးပို့ထားကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ Quarantine ဝင်ခဲ့သည့် တောင်ကြီးမြို့ရှိ အထက(၅) မှ Quarantine Center သို့ လူမှုအဖွဲ့အစည်းများက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင်  ဖွင့်လှစ်ထားသည့် Quarantine Center သို့ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်မှ မိသားစု(၄)ဦးနှင့် မင်္ဂလာဒုံမြို့နယ်မှ (၁)ဦး စုစုပေါင်း (၅)ဦး ရှိကြောင်း Quarantine Center မှ တာဝန်ခံ ဒေါ်ရီရီသိန်းထံမှ သိရသည်။


#MRTV