မင်းတပ် ၈ စက်တင်ဘာ

 

မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တွင် စိုက်ပျိုးထားသော ဝဥစိုက်ခင်းများရှိ ဝဥပင်အချို့တွင် Scletotium rolfsii မှို(ဝဥခြေပုပ်ရောဂါ)နှင့် Erwinia carotovora (ဘက်တီးရီးယား ပျော့ပုတ်ရောဂါ)ကြောင့် ဝဥသီးနှံပင်များတွင် ခါးရိ၊ ပင်ညှိုး၊ ဥပုပ်ခြင်းလက္ခဏာများ ဖြစ်ပေါ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဝဥစိုက်တောင်သူများအနေဖြင့် သီးလှည့်စိုက်ပျိုးပေးရန်၊ နွေရာသီတွင် မြေကိုလှပ်ထားရန်၊ ရောဂါကင်းသော မျိုးဥများ ရွေးချယ်စိုက်ပျိုးရန်၊ ရောဂါကျအပင်ကို နုတ်ယူဖျက်ဆီး မီးရှို့ရန်၊ အော်ဂဲနစ်စိုက်ခင်းအတွက် ကြက်သွန်ဖြူအရည် သို့မဟုတ် တမာဆီ ၁၀၀ ကုဗစင်တီမီတာ(100 cc) ကို ရေ တစ်လီတာနှုန်း ရောစပ်ပြီး၊ အပင်ခြေရင်းသို့ ဖျန်းပေးရန်၊ မျိုးဥကို Homai နှင့် လူးနယ်စိုက်ပျိုးရန်၊ Hexaconalole (သို့မဟုတ်) Propiconazole Topsin မှိုသတ်ဆေးကို ရောဂါကျ အပင်ခြေရင်းသို့ ရွှဲနေအောင် ဖျန်းပေးခြင်းတို့ ပြုလုပ်ပါက အပင်များပျက်စီးခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

မိမိစိုက်ခင်းရှိ ဝဥသီးနှံများတွင် ခါးရိ၊ ပင်ညှိုး၊ ဥပုပ်ခြင်းလက္ခဏာများ တွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ အသိပေး အကြောင်းကြားခြင်းဖြင့် နည်းပညာဖြန့်ဝေပေးခြင်း၊ သဘာ၀ဆေးစပ်နည်းများ သင်ကြားပေးခြင်းနှင့် ပိုးသတ်ဆေးဘူး ငှားရမ်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဝဥသီးနှံများတွင် ခါးရိ၊ ပင်ညှိုး၊ ဥပုပ်ခြင်းလက္ခဏာသည် ၀ဥစိုက်တောင်သူများအတွက် စီးပွားရေးထိခိုက်မှု မဖြစ်ပေါ်သေးသော်လည်း သတိပြုရမည့်ရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။

 

#MRTV