မြိတ် ၈ စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရှိ/မရှိ စစ်ဆေးနိုင်သည့်စက်ကို စက်တင်ဘာ ၇ ရက်၌ တပ်ဆင်ပြီးဖြစ်၍ ယနေ့တွင် ပြည်သူ့ဆေးရုံရှိ ဝန်ထမ်း(၁၀)ဦးအား စတင်စမ်းသပ် စစ်ဆေးခဲ့ကာ ပြည်သူ့ဆေးရုံသို့ ဖျားနာလူနာများ ရောက်ရှိလာပါက ကိုဗစ်-၁၉ ရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“အရင်တုန်းကဆိုရင် ဖျားနာတဲ့လူနာ ဆေးရုံတက်လာရင် သမားတော်က ကိုဗစ်ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာကို ဓာတ်မှန်နဲ့ပဲကြည့်ပြီး ဆုံးဖြတ်ပြီးတော့ ကန့်သတ်စောင့်ကြည့်ဆောင်၊ သီးခြားလူနာဆောင်နဲ့ ဆေးရုံလူနာဆောင် ထားမလားဆုံးဖြတ်ရတယ်။ အဲဒီလိုမျိုးဆုံးဖြတ်ရတာ နည်းနည်းအန္တရာယ်များတယ်။ အခုဆိုရင် သီးခြားလူနာဆောင်မှာထားပြီး ဒီလူနာကို ဓာတ်ခွဲနမူနာတစ်ခါတည်း စစ်မယ်။ ရှိရင် သီးခြားလူနာဆောင်မှာ ဆက်ထားမယ်။ မရှိရင် တစ်ခါတည်းဆေးရုံအဆောင်ထဲ ပို့လို့ရတယ်။ အဲဒီအတွက် ဆေးရုံတက်တဲ့ လူနာတွေအတွက် အများကြီး အကျိုးကျေးဇူးရှိပါတယ်” ဟု ပြည်သူ့ဆေးရုံ ရောဂါဗေဒအထူးကုဆရာဝန်ကြီး ဒေါက်တာလမင်းစိုးက ပြောသည်။

 

မြိတ်ပြည်သူ့ဆေးရုံတွင် တပ်ဆင်ခဲ့သည့် ကိုဗစ်-၁၉ စစ်ဆေးနိုင်သည့်စက်မှာ Gene Xpert စက်ဖြစ်ပြီး အဆိုပါစက်ကို ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာကြသည့် ဖျားနာလူနာများသာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းစက်သည် တစ်ခါစစ်ဆေးပါက နှစ်ဦးသာစစ်ဆေးနိုင်ပြီး စစ်ဆေးချိန်(၁)နာရီကြာကြောင်း၊ တစ်နေ့ လျှင်(၁၀)ဦးသာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

“ဖျားနာပြီးရောက်လာတဲ့ လူနာတွေကိုစစ်ဖို့က အဓိကပါပဲ။ ဆေးရုံမှာဖျားပြီးလာပြတယ်။ အဲလူနာကို ကိုဗစ်-၁၉ သံသယရှိရင် နမူနာယူပြီးစစ်မယ်။ မြိတ်မြို့နယ်ပဲဖြစ်ဖြစ် မြိတ်ခရိုင်ပဲဖြစ်ဖြစ် ဖျားပြီးလာတဲ့လူနာတွေ အားလုံးကို စစ်ပေးဖို့တာဝန်ရှိတယ်။ ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ စောင့်ကြည့်သူများကို ဓာတ်ခွဲနမူနာရယူပြီး မော်လမြိုင်ပို့ စစ်ရပါ့မယ်။ ဆေးရုံမှာက ဖျားနာလူနာတွေ ရောက်လာရင်စစ်ဆေးရပါ့မယ်” ဟု ဒေါက်တာ လမင်းစိုးက ထပ်လောင်းပြောကြားသည်။

 

မြိတ်မြို့ရှိ ကန့်သတ်စောင့်ကြည့်ရေးစခန်းများရှိ နေရပ်ပြန်များ၏ ဓာတ်ခွဲနမူနာများကို မော်လမြိုင်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဓာတ်ခွဲခန်းသို့ ယခင်အတိုင်း ပို့ဆောင်စစ်ဆေးရမည်ဖြစ်ကြောင်း၊ မြိတ်ပြည်သူ့ဆေးရုံတွင် လက်ရှိအချိန်၌ စောင့်ကြည့်လူနာ၊ သံသယလူနာနှင့် ကိုဗစ်-၁၉ ပိုးတွေ့လူနာမရှိကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)