ဟားခါး ၈ စက်တင်ဘာ
ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ အသိပေးဆွေးနွေးပွဲကို Video Conferencing ဖြင့် စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအုပ်နောလ်က အမှာစကား ပြောကြားပြီး ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အွန်လိုင်းအသုံးပြု၍ (Video Conferencing) တက်ရောက်လာကြသည့် နိုင်ငံရေးပါတီ အသီးသီးတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံကြမည့် နိုင်ငံရေးပါတီအသီးသီးမှ တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း ၂၁၀ ဦးရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၉ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၆၃ ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၈ ဦးရှိကြောင်း ယနေ့ကျင်းပပြုလုပ်သည့် (Video Conferencing) ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၉ ဦး ပါဝင်ဆွေးနွေးခဲ့ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)


