နေပြည်တော် ၈ စက်တင်ဘာ

 

အာဆီယံ-ကိုရီးယားစင်တာသည် Maekyung Media Group နှင့် ပူးပေါင်း၍ ASEAN Entrepreneur Award ကို ၂၀၁၆ ခုနှစ်မှ စတင်ကာ ASEAN ဒေသတွင်းရှိ ထူးချွန်ထက်မြက်သော စီးပွားရေးလုပ်ငန်းရှင်များကို ပေးအပ်ချီးမြှင့်လျက်ရှိရာ 5th ASEAN Entrepreneur Award 2020 အတွက် မြန်မာနိုင်ငံမှ ဒေါ်နန်းခမ်းနောင့် (Deputy CEO ၊ KBZ Bank Limited) သည် Empowering women ကဏ္ဍတွက် ရွေးချယ်ခြင်းခံခဲ့ရကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ကျင်းပမည့် 21st World Knowledge Forum ၌ Regional Champion ၊ Entrepreneurs 4.0 ၊ Empowering  Women ၊ Up - and – coming Startups နှင့် Scale-ups The  Next unicorns ကဏ္ဍ(၅)ခုတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ရန် အာဆီယံ-ကိုရီးယားစင်တာမှ ဖိတ်ကြားခဲ့သည်။

 

ဖိတ်ကြားမှုအပေါ် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနသည် စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူ တာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းနှင့် ကမ္ဘောဇဘဏ်လီမိတက် တို့သို့ပါဝင်နိုင်ရန် အကြောင်းကြားခဲ့ပြီး ကိုးရီးယားသမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး၊ အာဆီယံ-ကိုရီးယား စင်တာတို့နှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့သည်။

 

မြန်မာနိုင်ငံအနေဖြင့် Regional Champion ၊ Entrepreneurs 4.0 ၊ Empowering  Women နှင့် Up-and–coming Startups ၊ Regional Champion ၊ Entrepreneurs 4.0 နှင့် Empowering  Women ကဏ္ဍတို့တွင်  အာဆီယံ(၁၀)နိုင်ငံမှ လုပ်ငန်းရှင်များနှင့်အတူ ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ပြီး 5th ASEAN Entrepreneur Award တွင် အာဆီယံ (၁၀) နိုင်ငံမှ လုပ်ငန်းရှင်များထဲမှ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယမ်နမ်နိုင်ငံတို့မှ လုပ်ငန်းရှင် (၃) ဦးရွေးချယ် ချီးမြှင့်ခံရခြင်းဖြစ်သည်။

 

ဆုပေးပွဲအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၆ ရက်တွင် ဆိုးလ်မြို့ Shilla Hotel ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဆုပေးပွဲအခမ်းအနားကို ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်အခြေအနေများကြောင့် ASEAN Entrepreneur Award ဆုရှင်များကို တောင်ကိုရီးယားသို့ ဖိတ်ကြားခြင်းမပြုနိုင်ဘဲ သက်ဆိုင်ရာ အာဆီယံသံရုံးများမှ ကိုယ်စားတက်ရောက်၍ လက်ခံရယူပေးမည်ဖြစ်ပြီး ဆုရရှိသူများအနေဖြင့် Video Message အားကြိုတင်ပေးပို့၍ Online မှ တက်ရောက်ရမည်ဖြစ်ကြောင်း ASEAN-Korea Center (AKC) မှ သိရသည်။

 

သတင်းစဉ်