ရန်ကုန် ၈ စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မွန်းလွဲပိုင်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် (ခနောင်တို-တွံ့တေး) တံတားစီမံကိန်း ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် နံနက် ၁၁ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်နှင့် ဇဝနရပ်ကွက်များတွင် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ရွေ့လျားကိုယ်အပူချိန်တိုင်းတာသည့် စက်ကြီးများ တပ်ဆင်ထားသည့် မော်တော်ယာဉ်များဖြင့် ကိုဗစ်-၁၉ ရောဂါအတွက် ကျန်းမာရေးစစ်ဆေးပေးနေမှုများကို ကြည့်ရှု၍ ပြည်သူများကို အားပေးစကား ပြောကြားခဲ့သည်။

 

ထို့နောက် တာဝန်ရှိသူများက လေးထောင့်ကန်ရပ်ကွက် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် မြို့နယ်အတွင်း မော်တော်ယာဉ် ၁၀ စီးဖြင့် ကျန်းမာရေးစစ်ဆေးပေးနေမှု အခြေအနေများကို ရှင်းလင်တင်ပြရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် မွန်းလွဲ ၁ နာရီတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့အား တွံ့တေးတူးမြောင်းကိုဖြတ်ကျော်၍ တည်ဆောက်မည့် (ခနောင်တို-တွံ့တေး) တံတားစီမံကိန်း ဆိပ်ကြီးခနောင်တိုဘက်ခြမ်း ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ ဆိပ်ကြီးခနောင်တိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် လမ်းပန်းဆက်သွယ်ရေးဖြစ်သည့် တံတားကြီးတည်ဆောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင် ကူညီမှုများကို ကျေးဇူးတင်ပါကြောင်း၊ ထို့ပြင် ရေကောင်းရေသန့်ရရှိရေး၊ မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး၊  လျှပ်စစ်မီးရရှိရေးများကို ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် တံတားကြီးပြီးစီးသွားပါက ဒီဒေသတွင် နေထိုင်ကြသော ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ပန္နက်ရိုက်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

 

ခနောင်တို-တွံ့တေးတံတားသည် သံမဏိသံပေါင်တံတား၊ နှစ်လမ်းသွားဖြစ်ပြီး တံတားအရှည် ၇၇၅ မီတာနှင့် အကျယ် ၁၀ မီတာ၊ ချဥ်းကပ်လမ်းအပါအဝင် စုစုပေါင်းအရှည် ၂၅၄၂ ပေရှိရာ ငွေကျပ် ၂၅ ဘီလီယံကုန်ကျခံ၍ ဂျပန်နိုင်ငံတွင် နောက်ဆုံးတည်ဆောက်နေသည့် တံတားဒီဇိုင်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

အသက် ၈၀ ရှိသော ဒေသခံတစ်ဦးက “ရန်ကုန်ကိုရောက်ဖို့ ကားနဲ့သွားရင် နှစ်နာရီလောက်ကြာတယ်။ စက်လှေစီးရင် နာရီဝက်လောက်ကြာတယ်။ တံတားထိုးပြီးသွားရင် ၁၅ မိနစ်အတွင်း ရန်ကုန်ကို ရောက်မှာဆိုတော့ ကျွန်တော်တို့ ထပ်ခါထပ်ခါ မက်ခဲ့ရတဲ့ "အိပ်မက်လေး" အကောင်အထည် ပေါ်လာတော့ ပျော်လိုက်တာဗျာ” ဟု ပြောကြားသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)