နေပြည်တော် ၈ စက်တင်ဘာ

 

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် Online စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ နှစ်စဉ်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခုအခါတွင်လည်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဂေဟာ/ရိပ်သာများသို့ ငွေကြေးတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနသည် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ရပ်ရွာအတွင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများ၊ ဘိုးဘွားရိပ်သာများ စသည်ဖြင့် မိမိတို့၏ စေတနာ၊ သဒ္ဒါတရား ထက်သန်စွာဖြင့် ကိုယ့်အားကိုယ်ကိုး ဖွဲ့စည်းတည်ထောင်မှုကို နိုင်ငံတော်မှ အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ဦးစီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ ကူညီပေးခြင်းများပါ ဆောင်ရွက်ပေးနေပါကြောင်း။

 

သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများမှလည်း ပရဟိတဂေဟာများ တည်ထောင်ခွင့်ပြု မိန့်လျှောက်ထား တင်ပြနိုင်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ထောက်ပံ့ရန်လိုအပ်သော အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများ၊ မသန်စွမ်းသူများ၊ သက်ကြီးဘိုးဘွားများ၊ တိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ပေးသည့် အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလတွင် ဂေဟာ/ရိပ်သာများ အနေဖြင့်လည်း အခက်အခဲများကြုံတွေ့လာရနိုင်သော အခြေအနေရှိသည့်အတွက် အထောက်အကူဖြစ်စေရန် ဂေဟာ/ရိပ်သာများတွင် စောင့်ရှောက်ထားသူများအား စားစရိတ်ထောက်ပံ့ပေးသည့် အနေဖြင့် ငွေကြေးတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကချင်ပြည်နယ်နှင့် ကယားပြည်နယ်ဦးစီးမှူးများက ဂေဟာ/ရိပ်သာများအား ထောက်ပံ့ငွေများပေးအပ်ပြီး ကချင်ပြည်နယ်မှ ခရစ်ယာန်မျက်မမြင်ကျောင်း၊ ကျောင်းအုပ်ကြီး ဦးလမုန်ဂန်ဖန်နှင့် ကယားပြည်နယ်မှ ပြည်နယ်ဘိုးဘွားရိပ်သာ ဂေဟာမှူး ဦးမြင့်သူတို့က ဂေဟာရိပ်သာများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်