နေပြည်တော် ၈ စက်တင်ဘာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးပြုလုပ်နေမှုကို ကျေနပ်မှုမရှိ၍ AA အကြမ်းဖက် သောင်းကျန်းသူများက နယ်မြေခံတပ်ဌာနချုပ် ၁ ခုအား နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရသေ့တောင်မြို့နယ်အတွင်းရှိ ရေစိုးချောင်းကျေးရွာအနီး AA အကြမ်းဖက်သောင်းကျန်းသူများက အခြေပြု၍ ဆက်သွယ်ရေးလမ်းကြောင်းအား ပိတ်ဆို့ပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၄ ရက်တွင် တန်ပြန်အကြမ်းဖက် နှိမ်နင်းမှုစစ်ဆင်ရေးပြုလုပ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ၎င်းတို့၏ အထိနာမှုကို ကျေနပ်မှုမရှိ၍ စက်တင်ဘာ ၇ ရက်မွန်းလွဲပိုင်းတွင် ဘူးသီးတောင်မြို့နယ် ဝါးခုတ်ချောင်းကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ် ၁ ခုအား လက်နက်ကြီးဖြင့် အဝေးမှနေ၍ ၃ ကြိမ်တိုင်တိုင် နှောင့်ယှက်ပစ်ခတ်ခဲ့ရာ တပ်ဌာနချုပ်ပြင်ပသို့ ကျရောက်ခဲ့ပြီး လူ၊ အဆောက်အဦ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ၎င်းတို့၏ အကြမ်းဖက်ရည်ရွယ်ချက်များ အောင်မြင်မှုမရှိ၍ ယခုကဲ့သို့ တပ်ဌာနချုပ်များ၊ နယ်မြေခံရဲကင်းများ၊ လမ်းတံတားများအား နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက တန်ပြန်အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး ပြုလုပ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


