နေပြည်တော် ၈ စက်တင်ဘာ

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာရှိနေ အိမ်တချို့ မီးရှို့ဖျက်ဆီးခံရမှုမှာ AA အကြမ်းဖက်သောင်းကျန်းသူများမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် လတ်တလော တချို့လူမှုကွန်ရက်စာမျက်နှာများတွင် ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့အား တပ်မတော်က ရွာလုံးကျွတ် မီးရှို့ခဲ့သည်ဆိုသည့် သတင်းမှားများအား အဖွဲ့အစည်းတချို့မှ လုပ်ကြံသတင်းများ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကျောက်တော်မြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် မြို့တွင်းလုံခြုံရေးဆောင်ရွက်ပြီး အပေါက်ဝ ရဲကင်းစခန်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား ပို့ကြိုဆောင်ရွက်စဉ် တောင်ပေါက်ကျေးရွာနှင့် ဘုရားပေါင်းကျေးရွာပတ်ဝန်းကျင်၌ AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်ကို စက်တင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါကြောင်း။

 

ထို့ကြောင့် လူမှုကွန်ရက်သတင်းမှားများ စိစစ်နိုင်ရေးအတွက် စက်တင်ဘာ ၇ ရက်ညပိုင်း ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာအတွင်း မီးလောင်ကျွမ်းခဲ့မှု အခြေအနေအား မြေပြင်စစ်ဆေးမှုများ၊ ဒရုန်းများဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာလုံးကျွတ်မီးလောင်ကျွမ်းခြင်း မဟုတ်ဘဲ လူနေအိမ်တချို့တို့ကိုသာ ရွေးချယ်မီးရှို့ဖျက်ဆီးထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒေသခံပြည်သူလူထုတချို့၏ ပြောပြချက်အရ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အပေါ် ထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း၊ အဆိုပါ ကျေးရွာ ၂ ရွာ အပါအဝင် အင်ဘာရီ၊ ဒုက္ကံချောင်း၊ ဂုတ်ပိတောင်နှင့် အခစား ကျေးရွာများသည် ကုလားတန်မြစ် ဝဲ/ယာရှိကျေးရွာများဖြစ်ကြပြီး AA အကြမ်းဖက် သောင်းကျန်းသူများက အရပ်သားများအသွင် ရောနှောနေထိုင်လျက် တပ်မတော်ရေယာဉ်များ စစ်တွေ - ကျောက်တော် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ချိန်တိုင်း ရွာအတွင်းမှ မကြာခဏ ချောင်းမြောင်း နှောင့်ယှက်ပစ်ခတ်လျက်ရှိသည်ဟု သိရှိရကြောင်း ဖော်ပြထားသည်။

 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများတွင် အရပ်သား အသွင်ယူရောနှောနေထိုင်ပြီး ရပ်ရွာနေပြည်သူလူထုများ၏ နေအိမ်များအား အကာကွယ်ယူကာ ကျေးရွာများအနီး တိုက်ပွဲများဖန်တီးခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်ကာ တိုက်ပွဲအကျိုးဆက်များအား တပ်မတော်အပေါ် အပြစ်ပုံချ၍ ပြည်သူလူထုမှ ယုံကြည်မှုကင်းမဲ့စေရန် လုပ်ကြံဖန်တီးလျက်ရှိကြောင်းနှင့် သတင်းမှားများနှင့် ပတ်သက်၍ ပြည်သူများ နားယောင်မှုမရှိစေရေးအတွက် သတင်းထုတ်ပြန်အပ်သည်ဟု အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သတင်းစဉ်