ရန်ကုန် ၈ စက်တင်ဘာ
စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာ (ချစ်ဦးညို)၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြင့်ထွန်း၊ ဦးသောင်းစုငြိမ်းနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
ရှေးဦးစွာ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာ (ချစ်ဦးညို) က ဖြစ်မြောက်ရေးကော်မတီတွင် စာရေးဆရာ၊ ထုတ်ဝေသူ၊ စာပေနယ်ပယ်အသီးသီးမှ ဆရာ/ဆရာမများ၊ အိုင်တီပညာရှင်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ စသဖြင့် နယ်ပယ်အသီးသီးကပုဂ္ဂိုလ်များ ပါဝင်နေကြသည့်အတွက် မိမိကျွမ်းကျင်သည့် ကဏ္ဍမှ ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် လုပ်ငန်းအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ရည်ရွယ်ချက်များ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် ကဏ္ဍအလိုက် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယခုအချိန် ကာလသည် Covid-19 ကြောင့် လူစုလူဝေးရှောင်ရှားရမယ့် အချိန်ကာလ ဖြစ်နေသည့်အတွက် အစည်းအဝေး တက်ရောက်လာသူများကလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် အပိုင်းမှစ၍ ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ တက်ရောက်လာသူများအားလုံးကလည်း ဝိုင်းဝန်းအကြံပေးပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းဝေးသို့ တက်ရောက်လာကြသည့် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးမြင့်ထွန်း၊ ဦးသောင်းစုငြိမ်း၊ အဖွဲ့ဝင်များဖြစ်သည့် ဦးမျိုးအောင်၊ ဒေါ်ဆွေဇင်ထိုက်၊ ဒေါ်သင်းသင်းမာ(ပုညခင်)၊ ဦးအောင်စိုးဦး၊ ဦးသန်းမောင်(စစ်တွေ)၊ ဦးမြတ်ဝေတိုး (မြတ်ဝေတိုး- ပညာရေးတက္ကသိုလ်)၊ ဦးဝင်းငြိမ်း၊ ဦးနိုင်မောင်၊ ဦးထင်လင်းဦး (Wisdom Villa)၊ ဦးနေမျိုးညွန့်၊ ဦးမြင့်သူ၊ ဦးဇော်ထွဋ်နှင့် အတွင်းရေးမှူး ဒေါ်ယုယုဝင်း (ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန) တို့က ပါဝင်ဆွေးနွေးကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဖြစ်မြောက်ရေးကော်မတီ၏ လုပ်ငန်းရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆပ်ကော်မတီငါးခု ဖွဲ့စည်းဆောင်ရွက်ရန်၊ လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ အွန်လိုင်းအသုံးပြုအသိပညာပေး Awareness လုပ်ငန်းများအတွက် အစီအမံများအား ရေးဆွဲရန်တို့ကို ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


