နေပြည်တော် ၈ စက်တင်ဘာ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် NDAA (မိုင်းလား) အဖွဲ့မှ တာဝန်ရှိသူများနှင့် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NDAA (မိုင်းလား) အဖွဲ့အတွက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၂၀၀၀၀ ၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀ ၊ N 95 Mask ၁၀၀၀ ၊ Face Shield  ၂၅၀ ၊ Sodium Hypochloride (15L)  ၆ ပုံး၊ Examination Glove ၁၀၀၀ ၊ Hand Gel ၁၅၀ ၊ Hand Sanitizer ၁၅၀ နှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် မိုင်းလားဆေးရုံအတွက် ခွဲစိတ်ခန်းသုံးဆေးနှင့် ဆေးပစ္စည်း ၃ မျိုးတို့ကို ပေးအပ်လှူဒါန်းရာ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ဒေသထွက်လက်ဆောင်များကို ပြန်လည်ပေးအပ်သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့များနှင့် မြို့မိမြို့ဖများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံဧည့်ခန်းမဆောင်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နမ့်စန်တပ်နယ် တပ်နယ်ခန်းမတို့၌ သီးခြားစီတွေ့ဆုံ၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သက်ဆိုင်ရာမြို့နယ်များအတွက် ကိုဗစ် - ၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများကို ပေးအပ်သည်။

 

အဆိုပါ အခမ်းအနားများတွင် ကျိုင်းတုံမြို့နှင့် နမ့်စန်မြို့အတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများကို တစ်မြို့လျှင် Surgical Mask ၂၀၀၀၀ ၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀ ၊ N 95 Mask ၁၀၀၀ ၊ Face Shield  ၂၅၀ ၊ Sodium Hypo- chloride (15L) ၆ ပုံး၊ Examination Glove  ၁၀၀၀ ၊ Hand Gel ၁၅၀ နှင့် Hand Sanitizer ၁၅၀ ဘူးတို့ကို လည်းကောင်း၊ စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို လည်းကောင်း ပေးအပ်ရာ ကျိုင်းတုံမြို့၊ မြို့မိမြို့ဖများဖြစ်သည့် ဦးစိုင်းတစ်အောင်၊ ဦးဟောင်ခမ်းနှင့် ဦးဆမ်သန်းတို့နှင့် နမ့်စန်မြို့၊ မြို့မိမြို့ဖများဖြစ်သည့် ဦးစိုင်းလိတ်၊ ဦးခွန်ကျော်လှ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်စည်တို့က အသီးသီး လက်ခံရယူကြသည်။

 

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်းနှင့် လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင့်ဇော်ဦးတို့က လက်ခံရယူကြသည်။

 

ကျိုင်းတုံမြို့ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ကျက်သရေဆောင် နောင်တုံရေကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်