ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၂၀ နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ များ၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းရပ်များကို ယနေ့ပင် စတင်လှုပ်ရှားဆောင်ရွက်လာကြသည်ကို တွေ့ရပါသည်။ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများ၊ ထောက်ခံ အားပေးကြသည့် လူထုအစိတ်အပိုင်းများ စသည်ဖြင့် လှုပ်လှုပ်ရှား ရှိနေကြသည်ကို လမ်းများပေါ်မှာ လူမှုကွန်ရက်များပေါ်မှာ မြင်ရသည်မှာ မြန်မာ့မိုကရေစီရေးအတွက် အားတက်ဝမ်းမြောက်စရာဟု ရှုမြင် ပါသည်။
ဒီမိုကရေစီစနစ်ထူထောင်ရာတွင်နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမား များနှင့် ဆန္ဒမဲပေးကြမည့်ပြည်သူဟူသည် အရေးကြီးလှသည့် အခန်းကဏ္ဍများတွင် ရှိနေပါသည်။ ဒီမိုကရေစီတည်တံ့ခိုင်မြဲရေး၊ ဒီမိုကရေစီ တိုးတက်မြင့်မားရေး အစရှိသည်တို့သည် နိုင်ငံရေးခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမှု၊ ရင့်ကျက်မှု၊ နိုင်ငံအပေါ်ထားရှိသည့်စေတနာ စသည်တို့နှင့်အတူ ပြည်သူလူထု၏ နိုးကြားတက်ကြွမှုတို့ပေါ်မှာ များစွာတည်မှီ နေပါသည်။
ယခုကဲ့သို့ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုတို့ တက်ကြွလှုပ်ရှားရှိနေသည်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အသေအချာလျှောက်လှမ်းနေပြီဆိုသည့် အဓိပ္ပာယ်လည်း ဖြစ်ပါသည်။ ဤဒီမို ကရေစီလမ်းကြောင်းပေါ်မှ မည်သည့်နည်းနှင့်မှ တွန်းဖယ်၍ မရနိုင် ပြီဟု စွဲမှတ်မိပါသည်။
အခြားတစ်ဖက်တွင်မူ နိုင်ငံတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုသည် ဖြည်းဖြည်းချင်း တိုးလာနေဆဲဖြစ်နေလေရာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ယခင်နှစ်များကလို လူစုလူဝေးဖြင့် အုတ်အုတ်ကျက်ကျက် ခြိမ့်ခြိမ့်သဲသဲတော့ မလုပ်နိုင်ကြတော့။ သို့သော်လည်း ဆော်မီနည်းပညာတို့၏ တိုးတက်မြင့်မားလာမှု အကူညီဖြင့် လူမှုကွန်ရက်၏ နယ်ပယ်ကျယ်ပြန့်မှုတွင် လူချင်း ကာယကံမြောက်တိုက်ရိုက်ထိတွေ့၍ မရကြသော်လည်း တိုက်ရိုက် ပြောဆိုဆက်ဆံ ရှင်းလင်းနိုင်သည်ကို တွေ့ရပါသည်။
နည်းပညာအကူညီဖြင့် ပုံမှန်ထက်ပို၍ လူများစွာနှင့် ပြောဆိုဆက်ဆံနိုင်သည့် အခွင့်အရေးကမူ အားသာချက်ဟု ဆိုရပါမည်။ သို့သော်လည်း ပေါ့ပေါ့ဆဆ သဘောထား၍မရသည့် ရောဂါပိုးပျံ့နှံ့နေမှုကို နိုင်ငံရေးပါတီများကရော ပြည်သူလူထုကပါ အလေးဂရုပြုကြရမည်ဟု သဘောရပါသည်။
ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသည့် အတည်ပြုရောဂါပိုးရှိသူမှ ဆင့်ပွားကူးစက်သူအချို့သည် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်သေများသို့ ရောက်ရှိနေကြောင်း စိစစ်တွေ့ရှိထားကြောင်း၊ ထိုသို့ ရခိုင်ပြည်နယ်မှ အကြောင်းအမျိုးမျိုးဖြင့် ဒေသအသီးသီးသို့ ရောက်ရှိကြသူများကို သက်ဆိုင်ရာတာဝန်ရှိသည့် ဌာနအဖွဲ့အစည်းများနှင့် နီစပ်ရာ ကျန်းမာရေးဌာနများကို သတင်းပို့ကြပါရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်တီက ကြေညာထားပါသည်။
၎င်းသတင်ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လေဆာဖြင့် ရီးသွားရောက်သူ ၅၄၀၉ ဦးအနက် ဆက်သွယ်ရရှိခဲ့ သူ ၂၆၂၂ ဦးရှိပြီး ယင်းတို့ထဲမှ ၁၅၇၄ ဦးသာ သက်ဆိုင်ရာတာဝန်ရှိဌာန အဖွဲ့အစည်းနှင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်းပို့ကာ၊ ကျန်သူများမှာ လုံးဝ ဆက်အသွယ်မရကြောင်း သတင်းမကြကြောင်း ၊ ကြေညာထားပါသည်။
ထိုသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်နောက်ဆုံး ထား၍အထက်ဖော်ပြပါဌာနအဖွဲ့အစည်းများသို့ သတင်းပေးပို့ကြပါရန်နှင့် သတင်းမပို့သူ ကာယကံရှင်ဖြစ်စေ၊ သိပါလျက် ဖုံးကွယ်ထားသူဖြစ်စေ ၎င်းတို့ကို ဥပဒေကြောင်းများအရအရေးယူသွားမည်ဟု အသိပေးပန်ကြား ထားပါသည်။
ယနေ့အခြေအနေက ရောဂါပိုးနှင့် ပတ်သက်၍ သတိကြီးစွာထား နေရသည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် စည်းမျဉ်းစည်းကမ်းများ ဥပဒေများကို လိုက်နာကြရန်လိုပါသည်။ ယင်းသို့ သတိဖြင့် ကာကွယ် နေထိုင်ခြင်း၊ စည်းကမ်းဥပဒေကို လိုက်နာခြင်း စသည်တို့အားဖြင့် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ကာ ဘေးကင်းလုံခြုံစွာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပကြနိုင်မည် ဖြစ်ပါသည်။
ပြည်သူလူထု ညီညီညွတ်ညွတ်ပူပေါင်းပါဝင်မှုဖြင့် ကပ်ရောဂါဘေးကင်းဝေးကာ လွတ်လပ်တည်ငြိမ်အေးချမ်းသော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် ကြီးစွာသောအထောက်အပံ့များဖြစ်မည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း