မြိတ်  ၉  စက်တင်ဘာ  

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၆၇၁)ဦးအတွက် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၈) ရက် မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ တစ်ဦးလျှင် (၃)သောင်းကျပ်နှုန်း ထောက်ပံ့ခဲ့သည်။

 

“ကိုဗစ်-၁၉ ကာလအတွင်းမှာ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relife Plan (CERP) အစီအစဉ်အရ မသန်စွမ်းသူတွေကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါတယ်။ အမြင်အာရုံချို့ယွင်းသူ၊ အကြားအာရုံ ချို့ယွင်းသူ၊ ကိုယ်အင်္ဂါချို့ယွင်းသူ၊ ဉာဏ်ရည်မမီသူဆိုပြီး စည်းကမ်းချက်တွေရှိပါတယ်။ အဲဒီစည်းကမ်းချက် (၄)ချက် ညီညွှတ်ရင် မသန်စွမ်းမှု အမျိုးအစားထဲမှာ အကျုံးဝင်တဲ့အတွက် ဒီနေ့ထောက်ပံ့ပေးအပ်ငွေက (၆၇၁)ဦးကို တစ်ဦးလျှင် (၃)သောင်းနှုန်းနဲ့ (၂၀၁) သိန်း (၃)သောင်း ပေးအပ်ခြင်း ဖြစ်ပါတယ်” ဟု မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်း က ပြောသည်။

 

ထောက်ပံ့ငွေပေးအပ်ရာ၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်တို့က အမှာစကားပြောကြားကြပြီး  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထိုနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက မသန်စွမ်းသူများနှင့် မြို့နယ် အတွင်းရှိ မသန်စွမ်းသူများကိုယ်စား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြသည်။ ရပ်ကွက်/ ကျေးရွာများရှိ မသန်စွမ်းသူများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်လံပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ်ပြန်/ဆက်)