ခေါဇာ ၉ စက်တင်ဘာ

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ရပ်ကွက်(၂)အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ညနေပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့သည်။

 

အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလအတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် သုံးလစာ ငွေကျပ် ၃၀၀၀၀ ကို ခေါဇာမြို့ ရပ်ကွက်(၂)အတွင်းရှိ သက်ကြီးဘိုးဘွား(၁၄)ဦးအား ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူး ဦးစိုးဌေးနှင့် တာဝန်ရှိသူများက ဘိုးဘွားများလက်ဝယ်သို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

 

ညီညီချမ်း(ပြန်/ဆက်)