လှည်းကူး ၉ စက်တင်ဘာ
Covid-19 ကူးစက်မှုနှုန်း မြင့်မားနေချိန်အတွင်း ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများအား Covid-19 ရောဂါ ကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂)အုပ်စုတို့တွင် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂)အုပ်စုတို့တွင် အဖွဲ့များခွဲ၍ ရပ်ကွက်နေပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဖျားနာခြင်းရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ ဖျားနာလူနာ မတွေ့ရှိခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အလားတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းတို့က ရန်ကုန်-နေပြည်တော် အမြန်လမ်းကြီး (ဝ)မိုင်နေရာနှင့် ရန်ကုန်-ပဲခူးလမ်းရှိ မင်းလွင်ကုန်းဂိတ်နေရာတို့တွင် Covid-19 ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက အချိန်မီကုသနိုင်ရေး၊ ရောဂါဆက်လက်ပြန့်ပွားမှု မရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူများကိုလည်း Thermal Scanner ဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါလက္ခဏာပေါ်ပေါက်လာပါက အချိန်မီကုသမှုခံယူနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


