ရန်ကုန် ၉ စက်တင်ဘာ
ရန်ကုန်အနောင်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ် ဆောင်ရွက်သည့်အနေဖြင့် ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခြင်းများ၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက် (၂၂)ရပ်ကွက်တို့တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါတုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက် (၂၂)ခုတို့တွင် အဖွဲ့များခွဲ၍ ရပ်ကွက်နေပြည်သူများအား ယင်းတို့၏ နေအိမ်များတွင် ကိုယ်အပူချိန်များ တိုင်းတာခြင်း၊ ဖျားနာခြင်းရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကာ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်သွားလာကြရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ရပ်ကွက်၊ နေပြည်သူများအား အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးမှုများကို (၁၄)ရက်အတွင်း ပြီးစီးအောင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေး ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်မှုသည် ယခုအခါ မြန်မာနိုင်ငံ၌ သြဂုတ် ၁၆ ရက်မှစ၍ ပြည်တွင်းကူးစက်မှုနှုန်းမှာ သိသိသာသာ ပိုမိုမြင့်တက်နေသောကြောင့် ရောဂါကူးစက်မှု လျော့နည်းစေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အာကာစိုး
ဓာတ်ပုံ- အောင်မြင့်(ပြန်/ဆက်)