ပွင့်ဖြူ ၉ စက်တင်ဘာ
နိုင်ငံတော်မှ လူသားချင်းစာနာ ထောက်ထားမှုအစီအစဉ်ဖြင့် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကို တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ စက်တင်ဘာ ၉ ရက် ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများကို (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လအတွက် ထောက်ပံ့ပေးသည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု (၅၆)အုပ်စု၊ ကျေးရွာပေါင်း (၂၀၄)ရွာရှိပြီး နိုင်ငံတော်မှထောက်ပံ့သော လူမှုရေးပင်စင် ထောက်ပံ့ငွေ အကျိုးခံစားခွင့်ရရှိသည့် အသက်(၈၅)နှစ်အထက် အဘိုးအဘွား ၉၄၀ ဦးရှိကြောင်း သိရသည်။ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လအတွက် နိုင်ငံတော်မှ အဘိုးအဘွားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာလ မသန်စွမ်းသူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၂၂၄ ဦးအတွက်ကိုလည်း တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံတော်မှ ထောက်ပံ့ပေးသော ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်/ကျေးရွာများရှိ အဘိုးအဘွားများနှင့် မသန်စွမ်းသူများကို အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


