အောင်လံ ၁၀ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ စစ္စပါးကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို စက်တင်ဘာ လ ၉ ရက်နေ့ နံနက် ၁၀ နာရီက သက်ဆိုင်ရာတာ၀န်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီး နှင့် ဝန်ထမ်းများသည် ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ စစ္စပါးကျေးရွာတွင် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်စွက်အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
စစ္စပါစကျေးရွာတွင် အရှည်ပေ ၄၅၁၀ ရှိ ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်းအား အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းမှ ငွေကျပ် ၁၀ သန်း ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာပြည်သူလူထုမှ ငွေကျပ် ၁၃ ဒသမ ၅၂၆၆ သန်း စုစုပေါင်းငွေကျပ် ၂၃ ဒသမ ၅၂၆၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အောက်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


