မိတ္ထီလာ  ၁၀ စက်တင်ဘာ

 

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကစက်တင်ဘာလ ၉ ရက်နေ့အတွက်ထုတ်ပြန်ခဲ့သော ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာစာရင်းတွင် မိတ္ထီလာမြို့မှ ၄ ဦး ပါဝင်ကြောင်း သိရှိပြီးနောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ဒေသန္တရတားမြစ်မိန့်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

 

အဆိုပါဒေသန္တရ တားမြစ်မိန့်ထုတ်ပြန်ကြေညာချက်တွင် မိတ္ထီလာမြို့နယ် အခြေပြုပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများအားလုံး စက်တင်ဘာ ၁ဝ ရက်နေ့မှစ၍ ရပ်နားထားရန်၊ မြို့နယ်အတွင်းမရှိမဖြစ်သော စားသောက်ကုန်ရောင်းချသည့်လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ ဘဏ်များ စသည့်လုပ်ငန်းများမှအပ ကျန်လုပ်ငန်းများအားလုံး စက်တင်ဘာလ ၁ဝ ရက်နေ့နံနက် ၄ နာရီအချိန်ကစ၍ ဖွင့်လှစ်ခြင်းမပြုရန်၊ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် မရောင်းချဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask ကို စနစ်တကျ လုံခြုံစွာတပ်ဆင်ကြရန်နှင့် လူတစ်ဦးနှင့်တစ်ဦး Social Distancing အတိုင်း လိုက်နာနေထိုင်ကြရန်တို့ ပါဝင်သည်။

 

အဆိုပါတားမြစ် ထုတ်ပြန်ကြေညာချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ပြီး         အဆိုပါတားမြစ် ထုတ်ပြန်ကြေညာချက်ကို မြို့နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်လျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းရှိမရှိ စစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာ Quaratine Centre များတွင် Quaratine ဝင်ရောက်နေသူအမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၅ ဦးတို့၏ ဓါတ်ခွဲနမူနာများကို စက်တင်ဘာလ ၈ ရက်နေ့က စစ်ဆေးနိုင်ရန်ပေးပို့ခဲ့ပြီး စက်တင်ဘာ ၉ ရက်နေ့တွင် မိတ္ထီလာမြို့နယ်မှ ပိုးတွေ့လူနာ ၄ ဦးတွေ့ရှိကြောင်းသိရှိပြီးနောက် ယခုကဲ့သို့ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦးမှာ အောင်ဇေယျာအထက(ခွဲ) Quaratine Centre မှ အမျိုးသားတစ်ဦး (၃၃ နှစ်)၊ အမျိုးသမီးတစ်ဦး(၃ဝ)နှစ်၊ ကလေး(မ) (၆) နှစ် တစ်ဦး နှင့် ရေဝေ(အထက) Quaratine Centre မှ အမျိုးသားတစ်ဦး (၅၂နှစ်) တစ်ဦးတို့ဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦးအား စက်တင်ဘာလ ၉ ရက်နေ့ညက သက်ဆိုင်ရာ Quaratine Centre များမှ မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ဒေသခံပရဟိတ လူမှုရေးအသင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပို့ဆောင်ထားရှိခဲ့ပြီး  ၄င်းတို့နှင့်   ဆက်စပ်ထိတွေ့သူများ ရှိမရှိဖြစ်စဉ်များကို တာဝန်ရှိသူများက ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 ချမ်းသာ (မိတ္ထီလာ)