မကွေး ၁၀ စက်တင်ဘာ
ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့သူ ၃ ဦး ထပ်တိုးလာပြီးနောက် မကွေးတိုင်းတွင် ကိုဗစ်လူနာ ၈ဦးထိ ရှိလာပြီဖြစ်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
ယနေ့မနက် ပိုးတွေ့လူနာ ၃ ဦးမှာ နတ်မောက်မြို့နယ်မှ အသက် ၁၈ နှစ်၊ ၂၀ နှစ် (၂)ဦး၊ မြိုင်မြို့နယ်မှ အသက် ၂၃ နှစ်အရွယ် (၁)ဦးတို့ဖြစ်သည်။
“နတ်မောက် နှစ်ယောက်ကို မကွေးသင်ကြားရေးဆေးရုံပို့မယ်။ မြိုင်ကတစ်ယောက်ကို ပခုက္ကူ ဆေးရုံကြီးပို့မယ်။ နတ်မောက်က နှစ်ယောက်က ရန်ကုန်က ပြန်လာတာ၊ မြိုင်ကတစ်ယောက်က ရခိုင်၊ အမ်းက ပြန်လာတာ။ အားလုံးကအမျိုးသားတွေပါ” ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက အတည်ပြုပြောကြားသည်။
မကွေးတိုင်းတွင် မြို့သစ်၊ တောင်တွင်းကြီး၊ သရက်၊ မကွေး၊ အောင်လံ၊ နတ်မောက်၊ မြိုင် မြို့နယ်များမှ ပိုးတွေ့ခဲ့သူအားလုံး ၈ ဦးထိ ရှိခဲ့ပြီး ၄င်းတို့အနက် မြို့သစ်၊ တောင်တွင်းကြီး၊ သရက်မြို့တို့မှ ၃ ဦးမှာ ရောဂါပိုးမတွေ့တော့၍ ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီး ဖြစ်သည်။
မကွေးတိုင်းတွင် စောင့်ကြည့်ကန်သတ် Quarantine ထားသူ လူဦးရေ တစ်ထောင်ကျော်ရှိပြီး ဓါတ်ခွဲနမူနာပေးပို့ စစ်ဆေးထားပြီး အဖြေစောင့်နေသူ ၂၀၀ ကျော် ရှိကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း ထံက သိရှိရသည်။
ဇေယျတု(မကွေး)


