ဆီဆိုင် ၁၀ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ၏ အနောက်ဖက် ၃ မိုင်ခန့်အကွာ ဆိုက်ခေါင်-ကျောက်တလုံးလမ်းမပေါ်ရှိ ထောပတ်(Hass)မျိုးကိုင်းဆက်ပျိုးရာတွင် အောင်မြင် ဖြစ်ထွန်းကြောင်း ဒေသခံထောပတ်ကိုင်းဆက်ပျိုးသူတစ်ဦးထံမှ သိရသည်။
“ကျွန်တော်က ထောပတ်(၇)ဧကခွဲ အပင်ပေါင်း(၆၀၀)ကျော် စိုက်ပျိုးပါတယ် စိုက်တဲ့အချိန်က မိုးကျမှ စိုက်တာ စိုက်နည်းကတော့ တစ်ပင်နဲ့တစ်ပင်ဆို ၁၅ ပေခြားပြီး တစ်တန်းနဲ့ တစ်တန်းက ၂၅ ပေခြားစိုက်ပါတယ် စစိုက်တုန်းက ၂၀၁၆ စက်တင်ဘာလမှာ အရိုင်းပင်ကိုစစိုက်ပါတယ် တစ်နှစ်ခန့်အကြာမှာ ထောပတ်(Hass)မျိုးကို ကိုင်းဆက်ပေးပြီးတော့ ၂၀၁၈ နိုဝင်ဘာလမှာ စရောင်းတယ် ၁၄၅ ကီလိုခန့် ရောင်းရပါတယ် ၁ ကီလိုကို ငွေကျပ် ၆၀၀၀ နဲ့ ခြံထိလာဝယ်ပါတယ် ဒီနှစ်တော့ ၁၀၀၀ ကီလိုထွက်မယ်လို့ ခန့်မှန်းထားပါတယ် အသီးများတဲ့အပင်ဆို တပင်လျှင် ငွေကျပ် ၁ သိန်းခန့် ရနိုင်တယ်”ဟု ထောပတ်(Hass)မျိုး ကိုင်းဆက်တောင်သူ ခွန်ကျော်ဖေက ပြောသည်။
“ကိုင်းဆက်ပျိုးခြင်းအပြင် ပျိုးပင်ကိုလည်း ပျိုးထောင်ပါတယ် ဒီနှစ်မှာ အပင်ပေါင်း ၇၀၀ ခန့် ပျိုးထောင်ထားတယ် ၅၀၀ လောက်ပဲအောင်မြင်တယ် အပင်အမျိုးအစားပေါ် မူတည်ပြီးတော့ ငွေကျပ် ၂၀၀၀ မှ ၅၀၀၀ အထိရတယ် သွားရောင်းစရာမလိုဘူး အော်ဒါမှာတာနဲ့ကို မလောက်ဘူး” ဟု ခွန်ကျော်ဖေက ပြောသည်။
ခွန်ရဲထွေး(ဆီဆိုင်)


