၁၀ စက်တင်ဘာ

 

အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့အင်အားကို ယခုလအတွင်း ၅၂၀၀ မှ ၃၀၀၀ အထိ လျှော့ချမည် ဟု အမေရိကန်စစ်တပ်က ဆိုသည်။

 

အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်တပ်ကို ကြီးကြပ်ကွပ်ကဲရသည့် ဗဟိုဌာနချုပ်က အမေရိကန်တပ်ဖွဲ့ဝင်အင်အားလျှော့ချမည် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ဇန်နဝါရီလအစောပိုင်းက ဘဂ္ဂဒက်မြို့တွင် အီရတ်ပြည်သူ့စစ်တပ်မှူးနှင့် အီရန်တော်လှန်ရေးတပ်ဖွဲ့ဗိုလ်ချုပ်ကြီး တို့ကို အမေရိကန်မောင်းသူမဲ့ဒရုန်းဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း အီရတ်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာရန် တောင်းဆိုမှုများ များပြားလာခဲ့သည်။

 

အီရတ်အစိုးရသည် နိုင်ငံအတွင်းရှိ အမေရိကန်စစ်တပ်များ တည်ရှိနေမှုကို လျှော့ချရန် အမေရိကန်တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်ပအခြေစိုက် အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာရေးကို ကတိပြုပြောကြားခဲ့သည်။

 

ထရမ့်က အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့အင်အား လျှော့ချရန်လည်း ထုတ်ပြန်ကြေညာခဲ့သည်။

 

နိုဝင်ဘာလတွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ၎င်း၏အောင်မြင်မှုများရရှိရေးအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

 

သို့သော်လည်း အမေရိကန်တပ်ဖွဲ့အင်အားများ လျှော့ချခြင်းသည် အရှေ့အလယ်ပိုင်းကို မတည်မငြိမ် ဖြစ်စေနိုင်သည်ဟု စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို