ညောင်ရွှေ ၁၀ စက်တင်ဘာ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန် သန့်ရှင်းသာယာလှပရေးအတွက် ဒိုက်နှင့် ဗေဒါရှင်းလင်းစက် (၂)စီးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က ညောင်ရွှေမြို့နယ်၊ ဟိုတယ်ဇုန်စက်လှေဆိပ် ရှင်းလင်းဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ်လင်းအောင်က အမှာစကားပြောကြားပြီး ဒိုက်နှင့် ဗေဒါရှင်းလင်းစက် (၂)စီးနှင့် ပတ်သတ်သည့် စာရွက်စာတမ်းများအား ပေးအပ်လှူဒါန်းရာ အင်းသားလူမှုရေး အသင်းနာယက ဒေါက်တာချစ်ရီမှ လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး တိုင်းမှူးမှ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းရာ အင်းသား လူမှုရေးအသင်း (တောင်ကြီး)နှင့် အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းတို့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
၎င်းနောက် ဒုတိယတိုင်းမှူးမှ စားသောက်ဖွယ်ရာများအား ထောက်ပံပေးအပ်လှူဒါန်းရာ အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးတက်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝေလင်းတို့မှ အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဒိုက်နှင့် ဗေဒါရှင်းစက် Aquatic Weed Harvester စက်သည် ကနေဒါနိုင်ငံထုတ် Aquamarine အမှတ်တံဆိပ်ဖြစ်ပြီး တစ်စီးလျှင် ငွေကျပ် (၂၄၆၀) သိန်းတန်ဖိုးရှိကြောင်း၊ ယာဉ်အလေးချိန် ၃ တန်ခန့်ရှိပြီး ဒိုက်နှင့် အမှိုက်သယ်နိုင်ဝန် ၂၀၁ ကုဗပေခန့် တင်ဆောင်နိုင်ကြောင်း၊ တစ်နာရီလျှင် ဒိုက်နှင့်အမှိုက် ၂၀၀ ကုဗပေ ရှင်းလင်းနိုင်ပြီး တစ်ရက်လျှင် ၁၆၀၀ ကုဗပေ ရှင်းလင်းနိုင်ကြောင်း၊ ရှင်းလင်းရာတွင် ဒိုက်များအား ထိုးကော်ဖြတ်တောက်ခြင်း၊ ယာဉ်ပေါ်သို့တင်ဆောင်ခြင်း၊ သတ်မှတ်တန်ချိန်ပြည့်ပါက စွန့်ပစ်မည့်မြေနေရာသို့ သွန်ချခြင်း စသည့်လုပ်ငန်းများကို Auto-matic System ဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်၍ အင်းလေးကန် သန့်ရှင်း သာယာလှပရေးလုပ်ငန်းကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ(ပြန်/ဆက်)


