ထားဝယ် ၁၀ စက်တင်ဘာ
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၈)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦးနှင့် သတင်းမီဒီယာ (၁)ဦးတို့တက်ရောက် ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ က ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (တတိယနေ့) အစည်းအဝေး တက်ရောက်မှု အခြေအနေ ကို မှတ်တမ်းတင်ခြင်း၊ ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း(၃)ခုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားပြီး တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် တနင်္သာရီ တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ (မူကြမ်း)အား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်ကို ဖတ်ကြားရှင်းလင်းခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီး အပန်းဖြေစခန်းများဆိုင်ရာဥပဒေ (မူကြမ်း)ကို တိုင်းဒေသကြီးလွှတ်တော် သို့တင်သွင်းခြင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်ကို ဖတ်ကြားရှင်းလင်းခဲ့ကြသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေ (G.R.F)မှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကို နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ရပ်နားခဲ့ပြီး (စတုတ္ထနေ့)ကို စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
(ခရိုင် ပြန်/ဆက်)


