နေပြည်တော်  ၁၀  စက်တင်ဘာ

 

အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများ နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၌ Video Conferencing စနစ်အသုံးပြု၍ ကျင်းပသည်။

 

အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း အုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယနေ့ကျင်းပသော အားကစားတိုးတက်ရေးဆိုင်ရာ အစည်းအဝေးတွင် သမာရိုးကျလုပ်ဆောင်မှုများမှ ဖောက်ထွက်ပြီး မြေပြင်တွင် အမှန်တကယ်လုပ်ဆောင်နိုင်မည့် အားကစားဖွံ့ဖြိုးတိုးတက်ရေအတွက် ပြည်သူတစ်ရပ်လုံး အမှန်တကယ် ပါဝင်ဆောင်ရွက်နိုင်မည့် ဖြစ်နိုင်ချေရှိသည့် အစီအမံများကို ကိုယ် စွမ်းဉာဏ်စွမ်းရှိသ၍ အကောင်းဆုံးတင်ပြဆွေးနွေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။  

 

ယင်းနောက် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူ၊ ကယားပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးတို့က ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည့် (၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့်အစီအမံများ အသေးစိတ်ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ်အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသနှင့် ကိုက်ညီမှုရှိပြီး ဒေသခံများစိတ်ပါဝင်စားပြီး အားသာသည့် အားကစားနည်းများကို ဦးစွာပထမ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ဒေသတွင်းရှိနည်းပြများ အရည်အသွေး တိုးတက်ကောင်းမွန်စေလိုကြောင်း၊ အားကစားသင်တန်းများ ပြိုင်ပွဲများတွင် အရည်အချင်းပြည့်မှီသော လူငယ် အားကစားသမားကောင်းများ ရရှိစေနိုင်ရေးအတွက် (Talent Scout) အဖွဲ့များ ဖွဲ့စည်းထားရှိရန် လိုအပ်ပါကြောင်း၊ ဒေသတွင်းအားကစား ပြိုင်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ရန်သာမက ဒေသတွင်းမြို့နယ်များရှိ မသန်စွမ်း ပြည်သူများ၊ ဉာဏ်ရည်မမှီကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအတွက် စိတ်ဓာတ်မြှင့်တင်ရေး အားကစားဆိုင်ရာ အစီအစဉ်များပါ ထည့်သွင်းစဉ်းစားကျင်းပပေးသင့်ပါကြောင်း၊ ဒေသတွင်းရိုးရာ အားကစားနည်းများ ရှာဖွေဖော်ထုတ်၍ ကျင်းပပေးစေလိုပါကြောင်း ပြည်သူများအား အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အားကစားတန်ဖိုးများကို သိရှိစေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

 

သတင်းစဉ်