နေပြည်တော်  ၁၀  စက်တင်ဘာ

 

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “နိုင်ငံ၏တန်ဖိုး လူမျိုး၏ ဂုဏ်သိက္ခာ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုများ၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့် ရှောက်မှုများ၊ နိုင်ငံသားတို့၏ စည်းကမ်းပြည့်ဝမှုများနှင့် လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

 

ပြိုင်ပွဲစည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည် −

 

        (က)    ပြိုင်ပွဲတွင် မြန်မာနိုင်ငံသားမည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည်။

 

        (ခ)    ဓာတ်ပုံမှာ မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသော ရောင်စုံဓာတ်ပုံဖြစ်ရမည်။

 

        (ဂ)    ပြိုင်ပွဲဓာတ်ပုံအရွယ်အစားမှာ (၁၀ လက်မ x ၁၅ လက်မ) အရွယ်အစား တစ်မျိုးတည်းသာ ပါ၀င်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်သည်။

 

        (ဃ)    မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်သည်။

 

        (င)    ဒီဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်းပြည်ပ ဓာတ်ပုံပြိုင်ပွဲ များတွင် ဆုရခဲ့ဖူးသည့်  ဓာတ်ပုံများအား ပြိုင်ပွဲသို့ ယှဉ်ပြိုင်ခြင်းမပြုရ။

 

        (စ)    ပြိုင်ပွဲ၀င်ဓာတ်ပုံများသည် ပုံနှိပ်ထုတ်ဝေပြီးသောဓာတ်ပုံများ၊ Website များတွင် အသုံးပြု ပြီးသော ဓာတ်ပုံများမဖြစ်စေရ။

 

        (ဆ)    ပြိုင်ပွဲဝင်ဓာတ်ပုံများကို ပေးပို့ရာတွင် ဓာတ်ပုံအရွယ်အစား၊ (၁၀ လက်မ × ၁၅ လက်မ) ဓာတ်ပုံ Hard Copy နှင့် Soft Copy (CD) ကို ပူးတွဲပေးပို့ရမည်။

 

        (ဇ)    ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုမှတ်တမ်းများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်။  

 

        (ဈ)    ပြိုင်ပွဲ၀င်ဓာတ်ပုံတိုင်းတွင် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ၏ အကြောင်းအရာ၊ ရိုက်ကူးသည့် နေရာဒေသတို့ကို ဓာတ်ပုံတိုင်း၏ နောက်ကျော၌ သီးခြားစက္ကူဖြင့်ကပ်ပြီး တစ်ပါတည်း ပူးတွဲပေးပို့ရမည်။

 

ပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု ငါးသိန်းကျပ်၊ ဒုတိယဆု သုံးသိန်းငါးသောင်းကျပ်၊ တတိယဆု နှစ်သိန်းကျပ်နှင့် အထူးဆု တစ်သိန်းကျပ်စီ ချီးမြှင့်သွားမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့ ညနေ(၄)နာရီ နောက်ဆုံးထား၍ ဦးကျော်ဇင်စိုး၊ ညွှန်ကြားရေးမှူး(ထုတ်လုပ်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁−၃၇၁၃၄၂၊ ၀၁−၂၀၁၉၃၆ သို့ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ၄င်းနေ့ထက် ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဝင်ဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။

 

သတင်းစဉ်