ပဲခူး ၁၁ စက်တင်ဘာ
ပဲခူးမြို့ ဥဿာမြို့သစ်၊ (၆)ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ယမန်နေ့ နံနက်ပိုင်းက လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်ရရှိသူများ COVID-19 ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်ထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် COVID-19 ရောဂါ ကာကွယ်နိုင်ရန်အတွက် အုပ်စုလိုက်ခွဲပြီး ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ကေသီခိုင်နှင့် ပဲခူးမြို့နယ်ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်တို့က COVID-19 ရောဂါကာလအတွင်း ယာယီပိတ်သိမ်းထားသည့် ပဲခူးမြို့နယ်အတွင်းရှိ အလုပ်ဌာန(၄၁)ဌာနမှ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀ ရာခိုင်နှုန်း)ရရှိသူ စုစုပေါင်း အာမခံအလုပ်သမား (၈၉၂)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၄၁၁၅၅၇၆၀.၆ အား သက်ဆိုင်ရာ အလုပ်ဌာနများမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ် လူမှုဖူလုံရေးဦးစီးဌာနအနေဖြင့် COVID-19 ကာလအတွင်း ခေတ္တယာယီပိတ်သိမ်း ထားသည့် ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ပထမအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ(၅)ခုမှ အာမခံအလုပ်သမား (၁၅၄၀) အားလည်းကောင်း၊ ဒုတိယအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ (၂)ခုရှိ အာမခံအလုပ်သမား (၁၂၆၃)ဦးအား လည်းကောင်း၊ တတိယအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ(၂၂)ခုမှ အာမခံအလုပ်သမား (၁၄၃၆၄)ဦးအား လည်းကောင်း၊ စတုတ္ထအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ(၁၃)ခုမှ အာမခံအလုပ်သမား (၅၉၅၅)ဦးအား လည်းကောင်း၊ ပဉ္စမအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ(၆)ခုမှ အာမခံ အလုပ်သမား (၈၅၃၄)ဦးအား လည်းကောင်း၊ ဆဌမအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ(၂၀)ခုမှ အာမခံ အလုပ်သမား (၉၅၂၀) အားလည်းကောင်း၊ သတ္တမအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ(၁၉)ခုမှ အာမခံ အလုပ်သမား (၃၉၇)ဦးအား လည်းကောင်း၊ အဌမအကြိမ်တွင် အလုပ်ဌာန(၄၁)ခုမှ အာမခံအလုပ်သမား (၈၉၂)ဦးအား လည်းကောင်း စုစုပေါင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၁၂၈)ခုမှ အာမခံအလုပ်သမား (၄၂၄၆၅)ဦးအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်(၄၀%)အား ထောက်ပံ့ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


