ခင်ဦး ၁၁ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အောင်ချမ်းသာရပ်၊ ဇော်လယ်ယာသုံး ပစ္စည်းရောင်းဝယ်ရေးမှ တောင်သူများအတွက် စိုက်ပျိုးရေးသုံး သမန်းနှိုး၊ ပေါင်းထိုးကိရိယာကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။

 

သမန်းနှိုး၊ ပေါင်းထိုးကိရိယာကို စိုက်ပျိုးရေးသုတေသနမှ ထုတ်လုပ်ထားသော ပေါင်းထိုးကိရိယာကို အခြေခံပြီး ထုတ်လုပ်ထားပြီး သမန်းနှိုး၊ ပေါင်းထိုးကိရိယာတွင် ရှေ့မှာရှိသည့် လှေခွက်မှာ သမန်း၏ အနိမ့်အမြင့်ကို ညှိပေးပြီး၊ ဆူးလုံးကွင်းက မြေကိုနှိုးဆွပြီး နောက်မှာရှိတဲ့ ဓားကွင်းစက်တုံးက ပေါင်းမြက်ကို ဖြတ်ပေးတာ ဖြစ်ကြောင်း၊ ယခုထုတ်လုပ်ထားတဲ့ ကိရိယာကို စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတွေက မှာယူထားတာ အလက်ရေ(၆၀၀) ကျော်ရှိကြောင်း၊ တောင်သူတွေက မှာယူတာ အလက် (၇၀) ကျော်ရှိပါတယ်၊ သမန်းနှိုး၊ ပေါင်းထိုးကိရိယာကို တောင်သူများရဲ့ စိုက်ပျိုးထားတဲ့ ပင်ကြား၊ တန်းကြားပေါ် မူတည်ပြီး လေးမျိုး ထုတ်လုပ်ထားကြောင်း ကိရိယာထုတ်လုပ်သူ ဦးခင်မောင်ဇော် ၏ပြောကြားချက်အရ သိရသည်။

 

ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပေးစင်တာအလိုက် မိုးစပါးစိုက်ပျိုးထားသော တောင်သူ များအတွက် သမန်းနှိုး၊ ပေါင်းထိုးကိရိယာ (၂၀) လက်ကို ပေးပို့ထားပြီး တောင်သူများကို အလှည့်ကျငှားရမ်း ပေးထားကြောင်း၊ ၎င်းကိရိယာကို အသုံးမပြုမီ တစ်ရက်ကြိုတင် ရေသွင်းထားပြီး စိုက်ခင်းအနေအထားကြည့်ပြီး အနည်းဆုံး နှစ်ကြိမ်မှ လေးကြိမ်ထိ ကိရိယာကို သုံးစွဲနိုင်ကြောင်း သမန်းနှိုး၊ ပေါင်းထိုးကိရိယာကို အသုံးပြုခြင်းဖြင့် ပေါင်းမြက်နှိမ်နင်းနိုင်ပြီး မြေဆီလွှာအတွင်း ပြန်လည်နှစ်မြုပ်ထည့်သွင်း ပေးခြင်းဖြင့် အာဟာရဓာတ်များ ပြန်လည်ဖြည့်တင်းပေးခြင်း၊ သီးနှံပင် အမြစ်များ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ အပင်ပွားစည်းမှုများခြင်းကြောင့် သီးနှံအထွက်နှုန်းများပြီး ပိုမွှားရောဂါများကိုလည်း ကြိုတင်ကာကွယ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသင်းဖေ ၏ ပြောကြားချက်အရ သိရသည်။

 

စိုးဝေအောင်(ခင်ဦး)