ရန်ကုန် ၁၁ စက်တင်ဘာ
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာ အသင်းဖြစ်မြောက်ရေး ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးကိုကို(စက်မှု တက္ကသိုလ်) ၊ ဒေါ်နန်းကလျာဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေး ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် လူမှုမီဒီယာအပါအဝင် ဒစ်ဂျစ်တယ်မီဒီယာ အသုံးပြုမှုများနှင့် ဖန်တီးထုတ်လွှင့်မှုများသည် အချိန်နှင့်အမျှ တိုးတက် မြင့်မားလာသော မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကျယ်ပြန့်နက်ရှိုင်းစွာ နေရာယူလျက်ရှိလာ နေပါကြောင်း၊ ယခုအခါ ဒစ်ဂျစ်တယ် မီဒီယာလုပ်ငန်းများ တစ်စုတစ်စည်း တည်း ပါဝင်သော မြန်မာနိုင်ငံ ဒစ်ဂျစ် တယ် မီဒီယာအသင်း (Myanmar Digital Media Association) ပေါ်ပေါက်လာစေရေးနှင့် ဒစ်ဂျစ်တယ် မီဒီယာ ဖန်တီးထုတ်လွှင့်သူများနှင့် အသုံးပြုသူများ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် မီဒီယာအသင်းကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဖြစ်မြောက်ရေး ကော်မတီတွင် ဒစ်ဂျစ်တယ် မီဒီယာလုပ်ငန်းနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ ပါဝင်ထားသည့်အတွက် ကော်မတီရည်ရွယ်ချက်များ အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ ဖြစ်မြောက်ရေး ကော်မတီအတွက် မိမိတို့လိုအပ်သည့် ဆပ်ကော်မတီများကို ထပ်မံဖွဲ့စည်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကော်မတီမှ ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို အဖွဲ့ဖွဲ့စည်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကော်မတီမှ ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို အဖွဲ့ဝင်များ က ဝိုင်းဝန်းဆွေးနွေး အကြံပြုပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ဖိတ်ခေါ် ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးကိုကို(စက်မှုတက္ကသိုလ်)၊ ဒေါ်နန်းကလျာဝင်း၊ အတွင်းရေးမှူး ဦးမင်းဆွေလှိုင်၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးကျော်မျိုးမင်း၊ အဖွဲ့ဝင်များဖြစ်သည့် ဦးကျော်မင်းဆွေ၊ ဦးသိန်းထွန်းဖေ၊ ဦးခင်မောင်စိုး၊ ဦးမိုးအေး၊ ဦးလင်းထက်ကို၊ ဦးသက်ဖြိုးအောင်၊ ဦးဝင်းလှိုင်ဦး၊ ဦးကိုကိုလေး၊ ဦးအောင် မျိုးမြင့်နှင့် တွဲဖက်အတွင်းရေးမှူး(၂) ဦးအောင်ကျော်ထက် (ဒုတိယ ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန)တို့က ပါဝင်ဆွေးနွေးကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဖြစ်မြောက်ရေးကော်မတီနှင့် လုပ်ငန်းရည်ရွယ်ချက်နှင့် တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် ဆပ်ကော်မတီ ငါးခုဖွဲ့စည်းဆောင်ရွက်ရန်၊ အသင်းအဖွဲ့ မှတ်ပုံတင်ရေးနည်းလမ်းများ နှိုင်းယှဉ် ဆောင်ရွက်ရန်၊ ဒစ်ဂျစ်တယ်နည်း ပညာနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများနှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များရေးဆွဲရန်၊ အသင်း၏အမှတ်တံဆိပ် (Logo)ပြိုင်ပွဲ ဖိတ်ခေါ် ကျင်းပနိုင်ရေးနှင့် ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်သင့် ပါဝင်ထိုက်သည့်ပုဂ္ဂိုလ်များ ထပ်မံပါဝင် ဖွဲ့စည်းနိုင်ရေးတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ ၄ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မာလာဌေး


