မင်းလှ  ၁၁  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ရွာသာယာ၊  တဲကြီးကုန်း၊ ဆုံကုန်း ၊ တလုတ်ရင်း(ရှေ့)၊ ကျေးရွာလေးရွာ ၌သောက်သုံးရေဖူလုံစေရေးရည်ရွယ်၍ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ် မူလခွင့်ပြု ရန်ပုံငွေဖြင့် မြေသားမိုးရေလှောင်ကန် တိုးချဲ့တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

mdn

 

ရွာသာယာ ကျေးရွာတွင် အလျား ၂၀ဝ ပေ၊ အနံ ၅၀ ပေ၊ အနက် ၃ ပေ မြေသားမိုးရေ လှောင်ကန် တိုးချဲ့တူးဖော်ခြင်း လုပ်ငန်းကို ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်မူလခွင့်ပြုရန်ပုံငွေ ကျပ် ၁၀ ဒသမ ၄၅ သန်းဖြင့် လည်းကောင်း၊ မင်းတဲကြီးကျေးရွာတွင် အလျားပေ ၃၀ဝ ၊ အနံ ၁၂၀ ပေ၊ အနက် ၄ ပေတူးဖော်ခြင်း လုပ်ငန်းကို ရန်ပုံငွေကျပ် ၁၀ ဒသမ ၄၅သန်း ဖြင့်လည်းကောင်း၊ ဆုံကုန်းကျေးရွာတွင် အလျားပေ ၂၀ဝ ၊ အနံပေ ၂၀ဝ ၊ အနက် ၃ ပေတူးဖော်ခြင်းလုပ်ငန်းကို ရန်ပုံငွေကျပ် ၁၀ ဒသမ ၃၉သန်းဖြင့်လည်းကောင်း၊ တလုတ်ရင်း (ရှေ့)ကျေးရွာတွင်အလျားပေ ၂၀ဝ ၊ အနံ ပေ ၅၀  ၊ အနက် ၄ ပေတူးဖော်ခြင်း လုပ်ငန်းကို ရန်ပုံငွေကျပ် ၁၂ ဒသမ ၃၅သန်း၊ စုစုပေါင်းရန်ပုံငွေကျပ်၄၃ ဒသမ ၆၄ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာလေးရွာ၌ မြေသားမိုးရေ လှောင်ကန်တူးဖော်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာ လေးရွာရှိ အိမ်ခြေ ၃၃၄မှ ၊ လူဦးရေ ၁၂၃၈ ဦးတို့အပြင် ကျွဲနွား တိရစ္ဆာန်များ အတွက်ပါ နွေရာသီကာလ သောက်သုံးရေ ဖူလုံစွာရရှိနိုင်မည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိကပြောပြ၍ သိရသည်။

 

 

ငြိမ်းသူ