တောင်ကြီး ၁၁ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာန (တောင်ကြီး)ကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ဓါတ်ခွဲနမူနာ (၁၁၉) ခုကို ပထမဆုံး စတင်စစ်ဆေးခဲ့ပါသည်။ အဆိုပါ ဓါတ်ခွဲနမူနာ (၁၁၉) ခုမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၁ ရက် နံနက် ၈ နာရီ ထုတ်ပြန်ချက် အရ COVID – 19 ရောဂါ အတည်ပြုလူနာသစ် တွေ့ရှိခဲ့ခြင်း မရှိကြောင်း သိရပါသည်။
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး) တွင် အထူးကုဆရာဝန်ကြီး (၁) ဦး ၊ ဦးစီးအရာရှိ (၂) ဦး ၊ Medical Technologist (၄) ဦး ၊ Lab Technician Grade 2 (၂) ဦး ၊ Data Assistant (၁) ဦးတို့ဖြင့် တာဝန်ယူ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)တွင် တပ်ဆင်ထားသည့် (PCR -Polymerase Chain Reaction) စက်တွင် တစ်ကြိမ်လျှင် ဓါတ်ခွဲနမူနာ (၉၄)ခု စစ်ဆေးနိုင်ပြီး ယခု လောလောဆယ်မှာ တနင်္လာနေ့နှင့် ကြာသပတေးနေ့ကို ဓါတ်ခွဲနမူနာလက်ခံပြီး အင်္ဂါနေ့နှင့် သောကြာနေ့ကို စမ်းသပ်စစ်ဆေးရန် အကြမ်းဖျဉ်း စီစဉ်ထားကြောင်း၊ အရေးကြီးသည့် ဓါတ်ခွဲနမူနာ များ ရောက်ရှိလာပါက စမ်းသပ်စစ်ဆေးပေးရန်လည်း ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ အခြေအနေအရ တစ်ပတ်မှာ (၅)ရက်ထိ စမ်းသပ်စစ်ဆေးနိုင်ရန်လည်း မူဝါဒရေးဆွဲဆောင်ရွက် ထားပြီးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) တာဝန်ခံ၊ စဝ်စံထွန်းဆေးရုံမှ အထူးကုဆရာဝန်ကြီး (အဏုဇီဝဗေဒ) ဒေါက်တာ ပိုးပိုးလင်း က ပြောပါသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းက ဓာတ်ခွဲနမူနာများကို ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (PHL − မန္တလေး) တွင် စစ်ဆေးရန်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ဓါတ်ခွဲနမူနာများကို ပြည်သူ့ ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (PHL − တောင်ကြီး)တွင် စစ်ဆေးရန် ညွှန်ကြားထားတာဖြစ်ပြီး ရှမ်းပြည်နယ် ကျန်းမာရေးနှင့်ကုသမှုဉီးစီးဌာနမှ ပေးပို့လာတဲ့ ဓါတ်ခွဲနမူနာများကိုသာ စမ်းသပ် စစ်ဆေးဆောင်ရွက်တာ ဖြစ်ကြောင်း သိရပါသည်။
ယခု စက်သည် COVID – 19 ရောဂါပိုးအပြင် Virus နှင့်ပတ်သက်သည့် ရောဂါများ၊ ရာသီပေါ် တုပ်ကွေးရောဂါပိုးများကိုလည်း စစ်ဆေးပေးနိုင်ကြောင်း သိရပါသည်။
#MRTV


