နေပြည်တော် ၁၁ စက်တင်ဘာ 

အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် (ASEAN Social-Cultural Community-ASCC)ရှိ သက်ဆိုင်ရာ Sectoral Body များနှင့် တီမောလက်စတီနိုင်ငံတို့အကြား တီမောလက်စတီနိုင်ငံ၏ အာဆီယံအဖွဲ့ တင်းပြည့်အဖွဲ့ဝင်ဖြစ်မြောက်ရေး အဆိုပြုချက်နှင့်စပ်လျဉ်းပြီး မျက်နှာစုံညီ ညှိနှိုင်းအစည်းအဝေးကို  စက်တင်ဘာ (၈)ရက်နှင့် (၁၀)ရက်တို့တွင် အွန်လိုင်းဖြင့် ပြုလုပ်သည်။ 

ကျင်းပခဲ့သော အစည်းအဝေးများဖြစ်သည့် ပြန်ကြားရေးကဏ္ဍနှင့် သက်ဆိုင်သည့် Session III Sectoral Session on Cultural, Information, Civil Services, and Health တို့တွင် ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး (SOMCA)၊ အလုပ်သမား အဆင့်မြင့်အရာရှိကြီးများ အဆင့်အစည်းအဝေး (SLOM)၊ ပြည်သူ့ဝန်ထမ်းရေးရာဆိုင်ရာ အာဆီယံပူးပေါင်း ဆောင်ရွက်ရေး အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေး (ACCSM SOM)၊ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေး (SOMHD)များသို့ တီမောလက်စတီနိုင်ငံ နိုင်ငံခြားရေး၊ ယဉ်ကျေးမှု၊ ပြန်ကြားရေး၊ အလုပ်သမား၊ ပြည်သူ့ဝန်ထမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ပြန်ကြားရေးအဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးတွင် (SOMRI-Myanmar) ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အရာထမ်း၊ အမှုထမ်းများက လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ကြသည်။

တီမောလက်စတီနိုင်ငံသည် အာဆီယံ၏တင်းပြည့် အဖွဲ့ဝင်နိုင်ငံဖြစ်မြောက်ရေးအတွက် ၂၀၁၁ ခုနှစ်က စတင်လျှောက်ထားအဆိုပြုခဲ့ပြီး အာဆီယံနိုင်ငံများရှိ ASCC Pillar ၏ Sectoral Body များက စိစစ်မေးမြန်းထားသည့်မေးခွန်းများ (Questionnaires) အား အထောက်အထားနှင့်တကွ ပြန်လည်ဖြေကြားခြင်း၊ Sectoral body များကလည်း တီမောလက်စတီနိုင်ငံ အခြေအနေနှင့်စပ်လျဉ်း၍ စိစစ်သုံးသပ်ရခြင်းများ ပြုလုပ်ရန် တာဝန်ယူရပြီး ၎င်းတို့၏ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးများ (SOM Level Meeting)တွင် Agenda တစ်ရပ်အနေဖြင့် ယင်းကိစ္စအား ထည့်သွင်းဆွေးနွေး ကြကာ SOM Level အဆင့် သဘောတူညီမှုရယူလေ့ရှိကြသည်။

ထို့နောက် တီမောလက်စတီနိုင်ငံ၏ ဖြေကြားချက်များအပေါ် Sectoral Body များ အဆင့်ဆင့် ပြန်လည်စိစစ်ခြင်းအား ယခုနှစ် ဧပြီလလယ်ခန့်က အဆုံးသတ်ခဲ့ပြီး ယခုနှစ် ဇွန်(၂၂)ရက်တွင် ပြုလုပ်ခဲ့သည့် (၂၈) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (28th SOCA Meeting)တွင် ASCC Sectoral Body များနှင့် တီမောလက်စတီနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် မျက်နှာစုံညီ အစည်းအဝေးတစ်ရပ်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို တာဝန်ပေးခဲ့ရာ ၎င်း၏ အဆက်အဖြစ်  ယခုကဲ့သို့ အွန်လိုင်းဖြင့် အစည်းအဝေးပြုလုပ်ကာ ပြန်လည်သုံးသပ်အတည်ပြုခြင်း၊ မရှင်းလင်းသည့် အချက်များအား ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ကြခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် SOMRI (ပြန်ကြားရေးကဏ္ဍဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများအဆင့်)အနေဖြင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ (MIL) ဖွံ့ဖြိုးတိုးတက်မှုနှင့် သတင်းမှားများ လျော့နည်းပပျောက်ရေးဆိုင်ရာများ၊  ရုပ်သံအစီအစဉ်များနှင့် သတင်းမီဒီယာသမားများ အပြန်အလှန်ဖလှယ်ရေးကဏ္ဍ၊ ရုပ်ရှင်၊ ဂီတ၊ တီဗွီ၊ ရေဒီယိုနှင့် Online Media နယ်ပယ်များတွင် အာဆီယံအဆင့် ပူးပေါင်းထုတ်လုပ်ခြင်း၊ သတင်းမီဒီယာသမားများအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး၊ ရုပ်သံကဏ္ဍ Digital နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ လူငယ်လူရွယ်များ၊ ကျေးလက်နေပြည်သူများအပါအဝင် မသန်စွမ်းသူများအားလုံးအတွက် သတင်းအချက်အလက်များရပိုင်ခွင့် အခြေအနေ ပိုမိုတိုးမြှင့်နိုင်ရေး၊  ရုပ်သံမီဒီယာကဏ္ဍအတွက် ချမှတ်ထားသည့် ဥပဒေ/နည်းဥပဒေများအကြောင်း၊ Media Infrastructures အား အဆင့်မြှင့်တင်နိုင်မည့် အစီအစဉ်များ၊ တီမောလက်စတီ နိုင်ငံအနေဖြင့် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်