နေပြည်တော် ၁၁ စက်တင်ဘာ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ညနေ ၅ နာရီခွဲတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Mekong-U.S. Partnership) ပထမအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးကို ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh နှင့် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Stephen Biegun တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့လည်း ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် ဝန်ကြီးများက မဲခေါင်-အမေရိကန်မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေး စီအစဉ်ကို ပထမအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေး ကျင်းပခြင်းအားဖြင့် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခဲ့မှုအပေါ် ကြိုဆိုခဲ့ကြပြီး မဲခေါင်ဒေသခွဲ၏ လက်ရှိနှင့် အနာဂတ်ကာလတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာဝပြောမှုမြှင့်တင်ရေးအတွက် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အနေဖြင့် မည်ကဲ့သို အထောက်အကူပြုနိုင်မည်ကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ယခုလုပ်ငန်းစဉ်အသစ်အောက်မှ ဆောင်ရွက်မည့် စီမံကိန်းနှင့် လုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ ၁၅၃ ဒသမ ၆ သန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က ပါဝင်ဆွေးနွေးရာ၌ COVID-19 ကာကွယ် တိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်သူ့ကျန်းမာရေး အကာအကွယ်ပေးမှု လုပ်ငန်းနှင့် ကပ်ရောဂါကြောင့် လူမှုစီးပွားထိခိုက်မှုများအား လျော့ချရေးကို ဟန်ချက်ညီကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေးစီမံချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်းတန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့ခြင်းကို ကျေးဇူးတင်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင်-အမေရိကန်မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက် ရေးအစီအစဉ်သည် မဲခေါင်ဒေသအတွင်း ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် ဒေသတွင်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ မြှင့်တင်နိုင်ရေးအတွက် အမေရိကန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ပြသသည့်လုပ်ငန်းစဉ်ဖြစ်ပြီး၊ တန်းတူညီတူရှိမှု၊ ညီမျှမှု၊ ပွင့်လင်းမြင်သာမှု၊ အကျိုးတူပူးပေါင်းမှု စသည့် “မူ”များအပေါ် အခြေခံထားသည့်အတွက် ကြိုဆိုပါကြောင်း၊ ယခင်က မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (Lower Mekong Initiative-LMI) ၏ ပညာရေးနှင့်လေ့ကျင့် သင်တန်းပေးရေးအစီအစဉ် (Connecting Mekong Through Education and Training-COMET) နှင့် လူငယ်သိပ္ပံ ပညာရှင်များ အစီအစဉ် (Young Scientist Programme)များသည် မဲခေါင်နိုင်ငံများမှ လူငယ်မျိုး ဆက်သစ်များအတွက် အကျိုးအမြတ်နှင့်အခွင့်အလမ်းများ ဖန်တီးနိုင်ခဲ့မှုတို့ကြောင့် အဆိုပါအစီအစဉ်များကို ပူးပေါင်းဆောင်ရွက်မှုအသစ်တွင် ဆက်လက်ဆောင်ရွက် သွားစေလိုကြောင်းနှင့် အသက်မွေးဝမ်း ကျောင်းသင်ကြားရေးနယ်ပယ်တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားရန်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
ထို့အပြင် မဲခေါင်နိုင်ငံများ၏ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်အတွက် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၅၄ သန်း အကူအညီပေးမည့် ကတိပြုချက်နှင့် ယခင် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွင် ဆောင်ရွက်ခဲ့သည့် သဘာဝဘေးအန္တရာယ်ထိခိုက်မှု သက်သာလျော့ပါးရေး လေ့ကျင့်မှု (Disaster Relief Exercise and Engagement-DREE) များအား ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်တို့ကို ကြိုဆိုပါကြောင်း၊ မဲခေါင်ဒေသအတွင်း စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍ အဆင့်မြှင့်တင်ရာတွင် အခက်အခဲများ အားဖြေရှင်းနိုင်ရန် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က Japan-United States Mekong Power Partnership (JUMPP) အစီအစဉ်ဖြင့် မဲခေါင်နိုင်ငံများကို ကူညီထောက်ပံ့ပေးရန် ပူးတွဲကြိုးပမ်း ဆောင်ရွက်နေမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးမှ မဲခေါင်-အမေရိကန်မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်၏ ဝန်ကြီးအဆင့် ပူးတွဲကြေညာချက်နှင့် ယင်းလုပ်ငန်းစဉ် ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ အခြေခံစာတမ်းတို့ကို ထုတ်ပြန်ခဲ့သည်။
မဲခေါင်-အမေရိကန်မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်သည် မဲခေါင်မြစ် အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ (၁၁)နှစ်ကြာ အတွေ့အကြုံများအပေါ် အခြေခံပြီး မဲခေါင်ဒေသ၏ လက်ရှိကြုံတွေ့နေရသော လိုအပ်ချက်များနှင့် စိန်ခေါ်မှုများအား ဖြေရှင်းဖြည့်ဆည်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ပြုပြင်ပြောင်းလဲ၍ အဆင့်မြှင့်တင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်သစ်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု ဉီးစားပေးနယ်ပယ်များအဖြစ် စီးပွားရေး ပေါင်းစည်းဆက်နွှယ်မှုကဏ္ဍ၊ စဉ်ဆက်မပြတ် ရေအရင်းအမြစ်နှင့် သဘာဝသယံဇာတစီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍ၊ သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ ပါဝင်သည်။
သတင်းစဉ်


