၁၂ စက်တင်ဘာ
ရန်ကုန်မှာဆိုရင် ကျွန်မတို့ မြို့နယ်အချို့ကို အထူးသတိထားပြီး အိမ်အပြင်မထွက်ဖို့ သတ်မှတ်ထားပါတယ်။ ကျွန်မက နာမည်နဲ့ပြောရမယ်ဆိုရင် သင်္ဃန်းကျွန်းမြို့နယ်ကို ပြောဖို့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဃန်းကျွန်းမြို့နယ်မှာဆိုရင် ကိုဗစ်ရောဂါစွဲကပ်နေတဲ့ ပြည်သူတွေများလို့ပါ။ အဲဒီလို ဖြစ်ရတဲ့အကြောင်းကလည်း ကာရာအိုကေနဲ့ဆိုင်တယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ကာရာအိုကေဆိုင်တွေမှာ ကာရာအိုကေဆိုရာကနေပြီးတော့ ပြန့်သွားတဲ့ကိစ္စပါ။ ဒီလိုဘာဖြစ်လို့ ပြန့်သွားလဲဆိုတော့ နံပါတ်(၁)က လူစုလူဝေးပေါ့။ ကာရာအိုကေ ဆိုင်တွေမှာဆိုရင် လူတွေများတယ်။ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေခွာပြီးတော့ နေတယ်ဆိုတာ မရှိဘူး။ နောက်ပြီးတော့ သီချင်းဆိုတဲ့အခါမှာဆိုရင်ဒါဟာ ပိုးမွှားတွေကို ပြန့်အောင်လို့ လုပ်နိုင်တဲ့ အထိရောက်ဆုံးနည်းပဲလို့တောင် ပြောရမလား မသိပါဘူး။ အားလုံးသီချင်း ဆိုကြတယ်။ နောက်ပြီး Microphone တွေကို တစ်ယောက်ပြီး တစ်ယောက်သုံးကြတယ်။ အဲဒီကနေပြီးတော့ ကူးစက်တာတွေ ဖြစ်ပါတယ်။
(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဉက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် covID-19 ရောဂါ ပြန့်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရန် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များကို လိုက်နာရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)


