၁၂ စက်တင်ဘာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဓာတ်ခွဲခန်းများတွင် COVID-19 ဓာတ်ခွဲစမ်းသပ်ပေးရာ၌ ပြည်ပသို့ Relief Flight ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံ သားများနှင့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် Home Quarantine နေထိုင်မည့် နိုင်ငံခြားသားများအတွက် (၁)ကြိမ်လျှင် ဓာတ်ခွဲ စမ်းသပ်ခငွေ(၂)သိန်းကျပ်နှင့် ပြည်ပသို့ ထွက်ခွာမည့် သင်္ဘောသားများအတွက် (ဓာတ်ခွဲပစ္စည်း-Reagent များ သင်္ဘောကုမ္ပဏီမှ ဝယ်ယူပေးပြီး) ဓာတ်ခွဲစမ်းသပ်ခ (၁)ကြိမ်လျှင် ငွေ(၁)သိန်းကျပ် ကောက်ခံလျက်ရှိပါသည်။
ယခုအခါ နေပြည်တော်သို့ တိုင်းဒေသကြီး ပြည်နယ်များမှ လာရောက်သော ပြည်သူများအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမှုများ စတင်ပြုလုပ်လျက်ရှိရာ ဓာတ်ခွဲစမ်းသပ်ခ အခကြေးငွေ သတ်မှတ်ရာ၌ -
- အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အခမဲ့
- နေပြည်တော်အတွင်း နေထိုင်သော ပြည်သူများအတွက် တစ်ကြိမ်လျှင် (၃၀,၀၀၀) ကျပ်
- အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် နေထိုင်သော ပြည်သူများအတွက် တစ်ကြိမ်လျှင် (၅၀,၀၀၀) ကျပ်
- နေပြည်တော်သို့ လာကြသည့် UN ဝန်ထမ်းများနှင့် INGO အဖွဲ့ အစည်းများမှ နိုင်ငံခြားသားများအား တစ်ကြိမ်လျှင် (၂၀၀,၀၀၀) ကျပ်
- မည်သူမဆို ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများမှ တရားဝင်ဖိတ်ကြားစာ ပါပါက အခမဲ့အဖြစ် သတ်မှတ်သည်။
ထို့အပြင် နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကြီးနှင့် အထူးကုဆေးရုံများသည် အနီးပတ်ဝန်းကျင်ဒေသများမှ ပြည်သူများ ဆေးကုသမှုခံယူရာ လွှဲပြောင်းဆေးရုံကြီး (Referral Center)များအဖြစ် လက်ခံကုသမှု ပေးနေရသည်ဖြစ်ရာ ဆေးပညာကျင့်ဝတ်အရလည်းကောင်း၊ လူသားချင်းစာနာသော ရှုထောင့်မှလည်းကောင်း၊ နယ်ဆေးရုံများမှ ဆရာဝန်များ၏ လွှဲပြောင်းစာ(Referral Letter)ဖြင့် ရောက်ရှိလာသော လူနာများနှင့် အရေးပေါ် ဆေးကုသမှုခံယူရန် နေပြည်တော်သို့ လာရောက်သော လူနာများအား နေပြည်တော်အဝင်ဂိတ်များတွင် ခြွင်းချက်ဖြင့် လူနာနှင့်လူနာစောင့် (၂)ဦးမှ (၃)ဦးအထိ ဝင်ရောက်ခွင့် ပြုမည်ဖြစ်ပြီး ဆေးရုံများရှိ သီးခြားဆောင် (Isolation room) တွင် ထားရှိ၍ coVID-19 ဓာတ်ခွဲနမူနာ အခမဲ့စစ်ဆေးပေးခြင်း၊ လိုအပ်သော ဆေးကုသမှု ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


