မကွေး ၁၂ စက်တင်ဘာ

 

မကွေးတိုင်းအတွင်းရှိ မြို့အဝင်များ၌ စစ်ဆေးရေးဂိတ်များထားရှိပြီး ဝင်လာသူအားလုံးကို စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ ကပ်ရောဂါဆိုင်ရာ စစ်ဆေးကြပ်မတ်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနက သိရသည်။

 

မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက Stay at Home ဒေသများမှ မကွေးတိုင်းသို့ ဝင်လာသူအားလုံးကို Quarantine ၂၁ ရက်ဝင်ရန် ညွှန်ကြားလိုက်ပြီးနောက် ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ယင်းသို့ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

 

“အိမ်စီးကားတွေအပါအဝင် ယာဉ်အားလုံးကို စစ်ဆေးမှာပါ။ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ခရီးသည်တင်ယာဉ် အဝင်မခံတော့ဘဲ ပိတ်ကုန်ပြီဖြစ်တာကြောင့် တိုင်းအတွင်းကိုလည်း ဝင်လာစရာသိပ်မရှိတော့ပါဘူး။ စစ်ဆေးမှုတွေကိုတော့ ကြပ်မတ်လုပ်ဆောင်သွားမှာပါ” ဟု ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဟန်က ပြောသည်။

 

မကွေးတိုင်းအတွင်းရှိ ယာဉ်လိုင်းများကိုမူ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မဖြစ်စေလိုခြင်းကြောင့် ပြေးဆွဲခွင့် ပြုထားခဲ့သော်လည်း မော်တော်ယာဉ်လိုင်းများ၊ ရေယာဉ်လိုင်းများအားလုံးကို စက်တင်ဘာ ၁၄ ရက်နေ့မှစ၍ ယာယီပိတ်ရန် အမိန့်ကို မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာ ၁၁ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

 

စစ်ဆေးရေးဂိတ်များတွင် Stay at Home ဒေသများက ဝင်လာသူများကို တွေ့ရှိပါက သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေး၊ ကျန်းမာရေးဌာနများနှင့် ဆက်သွယ်ပြီး Quarantine ထားရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)

 

mdn