ထားဝယ် ၁၂ စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်၊ နတ်စင်လမ်းတွင် စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၂ နာရီခန့်က နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွား၍ အသက်(၇၃)နှစ် အရွယ်အဘွား (၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရှမ္မလည်ဆွဲရပ်၊ နတ်စင်လမ်းရှိ (၁)ထပ်နေအိမ်တွင် နံနက် ၂ နာရီခန့်က ပလပ်ခုံအပူလွန်ကဲ၍ အခန်းရှိသုံးထပ်သားမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးက မီးသတ်ဦးစီး ဌာနသို့ ဖုန်းဆက်အကြောင်းကြားရာ မီးလောင်ရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဦး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မီးငြှိမ်းသတ်ရေးယာဉ်(၂)စီးနှင့်အတူ ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ရာ ၂ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် နေအိမ်အောက်ရှိ ကုတင်ပေါ်တွင် အသက်(၇၃)နှစ်အရွယ်အဘွား(၁)ဦးသေဆုံးခဲ့ပြီး သေဆုံးသူအား ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးယာဉ်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံ ကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ပိုင်ရှင် ဒေါ်စန်းရီအား ထားဝယ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(ထားဝယ်ခရိုင်ပြန်/ဆက်)